ပေါက်တောမြို့နယ် ငခူရှည်ကျေးရွာအုပ်စုတာတမံအတွင်း ဆားငန်ရေ ဝင်ရောက်မှုကြောင့် လယ်ယာမြေများ ပျက်စီး

ပေါက်တောမြို့နယ် ငခူရှည်ကျေးရွာအုပ်စုတာတမံအတွင်း ဆားငန်ရေ ဝင်ရောက်မှုကြောင့် လယ်ယာမြေများ ပျက်စီး

မေ ၁ ။                ။ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က ငခူရှည်ကျေးရွာအုပ်စု လယ်သမားပိုင် တာတမံအထဲကို ဆားငန်ရေ ဝင်ရောက်မှု ကြောင့် လယ်ယာမြေတွေ ပျက်စီးဆုံးရှုံးရကာ လယ်သမားတွေ အများကြီး နစ်နာနေကြရတယ်လို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။

ဒီလယ်သမားပိုင် တာတမံဧရိယာထဲက လယ်ယာမြေတွေကို ငွေအင်အားတောင့်တင်းသူတွေက ဝယ်ယူကာ ငါး၊ ပုဇွန်ကန် မွေးမြူရေးတွေ လုပ်ကိုင်နေကြတာကြောင့် တာတမံအထဲကို ဆားငန်ရေဝင်ရောက်လို့ လယ်ယာမြေတွေ ပျက်စီးပြီး လယ်သမားတွေ နစ်နာနေရတာဖြစ်တယ်လို့ အဲဒီတာတမံကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။

 ပေါက်တောမြို့နယ် ငခူရှည် ကျေးရွာအုပ်စုက အဲဒီလယ်သမားပိုင် တာတမံဟာဆိုရင် ပြုပြင်ထိန်းသိမ်းမှုမရှိဘဲ ပျက်စီး နေတာဟာ နှစ်ပေါင်း ၂၀ ကျော်လောက်ထိ ရှိနေခဲ့ပြီလို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

 ပြီးခဲ့တဲ့နှစ် ပြည်ထောင်စုအစိုးရ ဘတ်ဂျတ်ငွေထဲက သိန်းပေါင်း ၂၉၀၀ ကို အဲဒီဆည်တာတမံနံရံ ပြုလုပ်ဖို့အတွက် ချပေးခဲ့ တာကြောင့် ဆည်ပြောင်းဦးစီးဌာနက ဦးဆောင်ပြီး ပြီးခဲ့တဲ့နှစ် ဧပြီလလောက်ကစတင်ကာ ဆည်တာတမံ နံရံတွေကို ပြုလုပ်နေတာပါ။

 ဆည်မြောင်းဦးစီးဌာနအနေနဲ့ ဒီဆည်တာတမံ နံရံပြုလုပ်မှုကို တစ်နှစ်အချိန်ယူကာ ယခုဧပြီလအကုန် နောက်ဆုံးထားပြီး ပြီးစီးအောင် ဆောင်ရွက်ရမယ်ဆိုပေမယ့် လက်ရှိအချိန်မှာ ရာနှုန်းပြည့် ပြီးစီးမှု မရှိသေးပါဘူး။

 ဒါတွေကို မိုးရာသီ မကျမီ အကုန်လုံးပြီးစီးအောင်နဲ့ ဆားငန်ရေတွေ ဝင်ရောက်မှုမရှိအောင် စနစ်တကျ ဆောင်ရွက်ပေး စေချင်တယ်လို့ ငခူရှည်ကျေးရွာနေ ဒေသခံ လယ်သမားတစ်ဦးက ပြောပါတယ်။

 ပေါက်တောမြို့နယ် ဆည်မြောင်းဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးကတော့ ဆည်တာတမံ ဆောင်ရွက်မှုမှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ မြေမဆည်ရသေးဘဲ အနည်းငယ်ကျန်ရှိနေသေးတာတွေကိုတော့ စက်ပျက်နေတဲ့အတွက် နောက် တစ်ပတ်လောက်ဆိုရင် ပြီးစီးအောင်ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

 ဒါပေမယ့် တာတမံအတွင်း ပုဇွန်ကန်မွေးမြူရေး လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ မေးမြန်းခဲ့ပေမယ့် ဦးစီးအရာရှိက တရားဝင် ပြောဆိုခြင်းမရှိခဲ့ပါဘူး။

 ငခူရှည်ကျေးရွာ အုပ်စုထဲမှာပါတဲ့ ငခူရှည်ကျေးရွာ၊ ကျော်ရှင်ကျေးရွာနှင့် သိမ်ကျောင်းကြီးကျေးရွာ စတဲ့ကျေးရွာတွေဟာ ဒီငခူရှည် တာတမံတစ်ခုတည်းကိုပဲ အမှီပြုပြီး လုပ်ကိုင်စားသောက်နေကြရတာဖြစ်တဲ့အတွက် ဒီကျေးရွာတွေ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အသက်ရှင်နေထိုင်ရေးမှာ အရေးပါအရာရောက်တဲ့ တာတမံတစ်ခုလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly