၁၈ နှစ်ခန့်စောင့်ဆိုင်းရပြီးနောက် Chicken Run 2 ကို ရိုက်ကူးမည်ဟု တာဝန်ရှိသူများအတည်ပြု

၁၈ နှစ်ခန့်စောင့်ဆိုင်းရပြီးနောက် Chicken Run 2 ကို ရိုက်ကူးမည်ဟု တာဝန်ရှိသူများအတည်ပြု

လွန်ခဲ့သော ၂၀၀၀ ခုနှစ်က ကမ္ဘာတစ်ဝန်းအောင်မြင်ကျော်ကြားခဲ့သည့် အန်နီမေးရှင်းဇာတ်ကားဖြစ်သော Chicken Run ၏ နောက်ဆက်တွဲဇာတ်ကားကို ရိုက်ကူးထုတ်လုပ်တော့မည်ဟု Aardman အန်နီမေးရှင်း ကုမ္ပဏီက အတည်ပြုကြေညာခဲ့သည်။

အော်စကာဆုရရှိခဲ့သော ယင်းအန်နီမေးရှင်းဇာတ်ကား၏ နောက်ဆက်တွဲရုပ်ရှင်နှင့် ပက်သက်သောသတင်းကို ပရိသတ်များအနေဖြင့် ၁၈ နှစ်ခန့်ကြာအောင် စောင့်ဆိုင်းခဲ့ရပြီး Aardman က “ ရော့ကီနဲ့ ဂျင်ဂျာတို့ဟာ အိမ်ပြန်လာတော့မှာပါ” ဟု ပြောဆိုခဲ့ကာ Chicken Run 2 ကို ရိုက်ကူးတော့မည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း Chicken Run 2 ၏ ရုံတင်ရက်ကို မသတ်မှတ်ရသေးကြောင်း သိရသည်။ Chicken Run သည် ရုံဝင်ငွေအများဆုံးရရှိထားသော Stop-Motion အန်နီမေးရှင်းအမျိုးအစားဇာတ်ကားဖြစ်ပြီး ထိုခေတ်ထိုအခါက ရုံဝင်ငွေ စတာလင်ပေါင် ၁၆၁.၃ သန်းခန့် စံချိန်တင်ရရှိခဲ့သည်။

Chicken Run အန်နီမေးရှင်းဇာတ်ကားမှာ ရော့ကီနှင့် ဂျင်ဂျာအမည်ရှိ ကြက်ကလေးများအပါအဝင် ကြက်ခြံ အတွင်းရှိကြက်အုပ်ကြီးသည် ပိုင်ရှင်ဖြစ်သူ မစ္စတွိဒီ၏ အာဏာစက်အတွင်းမှ လွတ်မြောက်အောင် ထွက်ပြေး ကြပုံကို ဇာတ်အိမ်တည်ထားခြင်းဖြစ်ပြီး ဒါရိုက်တာ နစ်ခ်ပါ့ခ်နှင့် ပီတာလော့ဒ်တို့က ဖန်တီးခဲ့သည်။

Chicken Run 2 ကို ဒါရိုက်တာဆမ်ဖဲလ်က တာဝန်ယူရိုက်ကူးမည်ဟု သိရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly