တပ်မတော်နှင့် KIA တို့ ကချင်ပြည်နယ် မြို့နယ် ၄ ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ရေး တင်းမာနေ

တပ်မတော်နှင့် KIA တို့ ကချင်ပြည်နယ် မြို့နယ် ၄ ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ရေး တင်းမာနေ

 

ရန်ကုန်၊ ဧပြီ ၃၀ ။         ။ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ တို့သည် ကချင်ပြည်နယ်ရှိမြို့နယ် ၄ မြို့နယ်ခန့်တွင် တိုက်ပွဲများ ဆက်တိုက်သလိုဖြစ်ပွားခဲ့ပြီး လက်ရှိ စစ်ရေးအခြေအနေမှာလည်း တင်းမာနေဆဲဖြစ်သည်ဟု KIA  သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

“ မြို့နယ်နဲ့ပြောမယ်ဆိုရင်တော့ တနိုင်းမြို့နယ်၊ ဖားကန့်မြို့နယ် မြစ်ကြီးနားမြို့နယ်၊ အင်ဂျန်းယန် မြို့နယ် ဘက်မှာတော့ အမြဲတမ်းလိုလိုဖြစ်ပါတယ်။ နောက် စစ်ရေးအခြေအနေကတော့ တင်းမာတဲ့အခြေအနေ ဖြစ်တယ်လို့ပြောလို့ရပါတယ်” ဟု ၄င်းကဆိုသည်။

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၈ ခုထဲမှ ထက်ဝက်ကျော်လောက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတိုက်ပွဲပြင်းထန်နေသည့် နေရာမှာ KIA တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း ၄ နေရာတွင်ဖြစ် ကြောင်း ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

အချို့တိုက်ပွဲများတွင် တပ်မတော်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည်ဟု ၄င်းကဆိုသည်။

အဆိုပါကိစ္စနှင့် ပက်သက်ပြီး ဧပြီ ၃၀ ရက် နေ့လည်ပိုင်းတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ပြောခွင့်ရ ပုဂ္ဂိုလ်များထံ ဖုန်းဖြင့်မေးမြန်း ရန်ကြိုးပမ်းသော်လည်း အဆက်အသွယ်မရခဲ့ပေ။

ဧပြီလဆန်းပိုင်းမှ ဧပြီလကုန်အထိ တပ်မတော်နှင့် KIA တို့ပြင်းထန်နေသာတိုက်ပွဲများကြောင့် ပြည်သူ ၂၀၀၀ မှ ၃၀၀၀ ကြား စစ်ဘေးရှောင်များ ဖြစ်ပွားခဲ့ရကြောင်း ကုလသမဂ္ဂမှ ပြောဆိုထားသည်။

တစ်လအတွင်း ထောင်နှင့်ချီနေသော စစ်ဘေးရှောင်များသည် နီးစပ်ရာဆွေမျိုးအိမ်များ၊ မြို့များသို့  ထွက်ပြေး ကြသူများရှိသလို ခရစ်ယာန်ဘုရား ကျောင်းများနှင့်   တောတွင်းပုန်းအောင်းတိမ်းရှောင်နေသူများလည်း ရှိနေသည်။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် KIA ၏ တပ်မဟာ ၂ နယ်မြေရှိ အောင်လာဒ်ကျေးရွာကရွာသား တစ်ထောင် ကျော်လောက်သည်လည်း နှစ်ပတ်နီးပါး တောတွင်းပုန်းအောင်းနေရဆဲဖြစ်ပြီး ကလေးငယ်များနှင့် နာမကျန်း သူများပါ၀င်နေသောကြောင့် ဧပြီ ၂၇ ရက်က အရပ်ဖက်အဖွဲ့အစည်းများမှနေ၍ နိုင်ငံတော်သမ္မတထံစာပေးပို့ တောင်းဆိုထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly