လူငယ်နဲ့ နိုင်ငံရေး ၂

 

မနေ့တုန်းက လူငယ်နဲ့နိုင်ငံရေးခေါင်းစဉ်အောက်မှာ နိုင်ငံရေးဆိုတာ ဘာကိုဆိုလိုတာလည်း၊ စားဝတ်နေရေးဆိုတဲ့နိုင်ငံရေးအဝန်းအဝိုင်းကြီးကိုကြည့်ပြိီး အဲဒီအဝန်းအဝိုင်းကြီးကို သိထားတာလောက်နဲ့ ကျနော်တို့အဖို့ ပြည့်စုံနိုင်ပါရဲ့လား။ တခါ အဲဒီ နိုင်ငံရေးအဝန်းအဝိုင်းကြီးထဲက မတူညီတဲ့ အချက် ကွဲပြားခြားနားမှု ၀ိသေသတွေနဲ့ သီးခြားသဘောဆောင်တဲ့အရာတွေက ဘာတွေလဲ။ သစ်တောကြီးတစ်ခုလို့ပြောနိုင်တဲ့ နိုင်ငံရေးဆိုတဲ့အဝန်းအဝိုင်းကြီးအပြင် အဲဒီသစ်တောကြီးထဲက သစ်တစ်ပင်ချင်းစီရဲ့ ထူးခြားကွဲပြားတဲ့အရာတွေကိုရော သိထားဖို့မလိုအပ်ဘူးလား။ အစရှိတဲ့အချက်တွေကို ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့ဆွေးနွေးမယ့်အချက်က သစ်တောကြီးတစ်ခုအတွင်းက သစ်ပင်တစ်ပင်ချင်းရဲ့မတူညီတဲ့အချက်အပေါ်မူတည်ပြီး ဘယ်လိုသစ်ပင်မျိုး ပေါက်ဖွားလာရသလဲဆိုတဲ့ အချက်ကို ဆွေးနွေးမှာဖြစ်ပါတယ်။ နိုင်ငံရေးဆိုတဲ့ လူတို့ရဲ့စားဝတ်နေရေးအကြောင်းတွေ လူတွေရဲ့အကြောင်းတွေထဲကမှ မတူညီတဲ့လူတွေအကြောင်း ဆွေးနွေးသွားဖို့ရှိပါတယ်။

ဥပမာ…၊ ကျနော်ငယ်စဉ်က ပဲခူးမြို့မှာ နေခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်ဝန်းကျင်က ဆိုပါတော့။ အဲဒီအချိန် ဒီတိုင်းပြည်မှာက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက တိုင်းပြည်ကိုစီမံအုပ်ချုပ်နေတဲ့အချိန်ပါ။ အဲဒီပါတီမှာ အရံအင်အားစုဖြစ်တယ် လမ်းစဉ်လူငယ်အဖွဲ့ဆိုတာလည်း ရှိပါတယ်။ လမ်းစဉ်လူငယ်အဖွဲ့တွေ စဖွဲ့တဲ့အခါ ကျနော်တို့လူငယ်တွေကြားမှာ တော်ဂယက်ရိုက်ပါတယ်။ ကျနော်နဲ့ရွယ်တူ လူငယ်တော်တော်များများက လမ်းစဉ်လူငယ်အဖွဲ့ထဲဝင်ကြပါတယ်။ သင်တန်မျိုးစုံ လှုပ်ရှားမှုမျိုးစုံ လုပ်ကြပါတယ်။

ဒိီအချိန်မှာ ကျနော်က စာလေးပေလေး မတောက်တခေါက်ဖတ်စပြုတဲ့အချိန်ပါ။ ကံကောင်းချင်တော့ မိတ်ဆွေကောင်းတစ်ယောက်ရဲ့အကူအညီနဲ့ နိုင်ငံရေးနောက်ခံပြုစာအုပ်တွေ၊ ကမ္ဘာကျော်ခေါင်းဆောင်တွေရဲ့အကြောင်းတွေ ဖတ်စပြုတဲ့အချိန်ဆိုတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို သိတ်မယုံပါဘူး။ သူတို့က အလုပ်သမား လယ်သမားအခြေခံထားတဲ့ လမ်းစဉ်ဆိုပေမယ့် တကယ်တော့ စစ်တပ်က တိုင်းပြည်အာဏာကို အဓမ္မရယူထားတာတစ်ခုထဲနဲ့ ကျနော်က အဲဒီပါတီကို စိတ်ထဲသံသယရှိနေခဲ့တာပါ။

တခြား လူငယ်တချို့ကလည်း အဲဒီလမ်းစဉ်လူငယ်အဖွဲ့အစည်းမှာ ၀င်လုပ်ကြပါတယ်။ သူတို့က အာဏာရပါတီမှာဝင်လုပ်တာဆိုတော့ လုပ်ပိုင်ခွင့််တွေ၊ ထောက်ပံ့မှုတွေအပြည့်ဆိုတော့ လူငယ်အများစုက အဲဒီမှာသွားပြီးလုပ်ကြပါတယ်။

ဒီတုန်းက ပဲခူးမြို့ကြီးကကျယ်တဲ့အပြင် လမ်းစဉ်ပါတီကလည်း ဖွဲ့စည်းကာစဆိုတော့ကာ ကျနော်တို့လူငယ်တွေကြားမှာ ကိုယ့်အစုနဲ့ကိုယ် အလုပ်လုပ်နိုင်ခဲ့ကြပါတယ်။ ဥပမာပြောရရင် အဲဒီလမ်းစဉ်လူငယ်တွေက ဦးဆောင်ပြီး စာဆိုတော်နေ့ပြုလုပ်တဲ့အခါ ကျနော်တို့ကလည်း သီးခြားစာဆိုတော်နေ့အခမ်းအနားလုပ်ကြတာပါပဲ။ သူတို့က ယုဝတီခင်စိန်လှိုင်တို့ သိပ္ပံမှူးတင်တို့လို စာရေးဆရာတွေဖိတ်ပြီး အကအခုန်တွေနဲ့ စာဆိုတော်နေ့လုပ်တော့ ကျနော်တို့က ဒဂုန်တာရာတို့ တင်မိုးတို့ မောင်စွမ်းရည်တို့ကိုဖိတ်ပြီး စာဆိုတော်နေ့အခမ်းအနားလုပ်ကြတာပါပဲ။ သူတို့က ဟောပြောပွဲနဲ့ အကအခုန်အတီးအမှုတ်တွေတွဲပြီး စာဆိုတော်နေ့အခမ်းအနားလုပ်တော့ ကျနော်တို့က ဟောပြောပွဲမလုပ်ဘဲ ရေးသူဖတ််သူ တွေ့ဆုံဆွေးနွေးပွဲနဲ့ စာဆိုတော်နေ့အခမ်းအနား လုပ်ကြတာပါပဲ။

ဒါတွေကို ကျနော် ဘာပြုလို့ပြောနေရတာလဲဆိုတော့ နိုင်ငံရေးဆိုတဲ့ အဝန်းအဝိုင်းတစ်ခုအတွင်းမှာပဲ မတူညီတဲ့လူငယ်တွေ ရှိခဲ့ကြတာကို သိစေချင်လို့ပါပဲ။ ကျနော်တို့ကြား မတူညီတဲ့အချက်က သူတို့က အာဏာနိုင်ငံရေးဘက်မှာ အာရုံကိုင်းညွှတ်ခဲ့ကြပြီး ကျနော်တို့က အမျိုးသားနိုင်ငံရေးဘက် အာရုံညွှတ်ခဲ့ကြတာ ပြန်စဉ်းစားမိလို့ပါ။ ကျနော်တို့ရဲ့ထူးခြားတဲ့ ၀ိသေသလက္ခဏာက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို သံသယဖြစ်နေကြတဲ့ လူငယ်တွေဖြစ်ကြပြီး ဟိုဘက်ကလူငယ်တွေကြတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ယုံကြည်ကြ ထောက်ခံဝန်းရံကြတဲ့အချက်ဖြစ်ပါတယ်။ အဲဒီအချက်ဟာ ဟိုဘက်လူငယ်နဲ့ ကျနော်တို့လူငယ်တွေရဲ့ တဘက်နဲ့တဘက် မတူတဲ့ ၀ိသေသအချက်ပါပဲ။

ဒီလိုနဲ့ ကျနော်တို့နိုင်ငံမှာ မြန်မာ့ဆိုရှယ်လမ်းစဉ်ပါတီဟာ သူ့မူလ ကြွေးကြော်ထားသလိုမဟုတ်တော့ဘဲ တစ်ပါတီအာဏာရှင်အစိုးရရဲ့ရုပ်လုံးကြီး ပေါ်လာ ရင့်သန်လာတော့တာပါပဲ။ အဲဒီအခါကြတော့ ကျနော်တို့က အာဏာရပါတီကိုဆန့်ကျင်ပြီး ကဗျာတွေစာတွေရေးတဲ့အထိဖြစ်လာကြပြိီး ဟိုဘက်လူငယ်တွေကတော့ အာဏာရ အုပ်ချုပ်သူလူတွေအဖြစ် အာဏာရပါတီရဲ့ အမာခံဒေါက်တိုင်တွေဖြစ်လာပါတော့တယ်။ တနည်းအားဖြင့်ပြောရရင် နှစ်နှစ်ဆယ်လောက်ကြာလာတဲ့အခါ သူတို့က အာဏာရှင်အသေးစားလေးတွေဖြစ်ကြပြီး ကျနော်တို့က အာဏာရှင်ဆန့်ကျင်ရေးသမားတွေအဖြစ် ကြီးပြင်းလာတော့တာပါပဲ။

ပြန်ပြီး နိဂုံးချုပ်ရရင် ပဲခူးမြို့မှာရှိတဲ့လူငယ်တွေဟာ နိုင်ငံရေးဆိုတဲ့ အဝန်းအဝိုင်းတစ်ခုအတွင်း မတူညိီတဲ့ သီးခြားလက္ခဏာဆောင်တဲ့ လူငယ်တွေအဖြစ်ရှိခဲ့ကြတာ ပြောချင်တာပါ။ နိုင်ငံရေးဆိုတဲ့ သစ်တောကြီးတစ်ခုအတွင်းက သစ်ပင်လေးများဖြစ်ကြတဲ့ ကျနော်တို့လူငယ်ကြား တစ်ပင်ချင်းစီ တစ်ယောက်ချင်းစီရဲ့ မတူညီကွဲပြားတဲ့ အချက်ကို သိစေချင်လို့ ဥပမာပေးဆွေးနွေးခဲ့တာပါ။

ဒီတော့ကာ နောက်ဆုံးနိဂုံးချုပ်ရရင် အခု ကျနော်တို့အသက်အရွယ်တွေရလာတဲ့အခါမှာတော့ အာဏာယစ်မူးပြီး အာဏာရှင်ဆန်ဆန် အာဏာရလူကြီးတစ်ယောက်အနေနဲ့ နောက်ဆုံးမှာ လူထုကိုယ်တိုင်က ဆန့်ကျင်ရှုတ်ချခံရ၊ သိမ်ငယ်စွာ အာဏာစွန့်ရ၊ သိမ်ငယ်စွာနိဂုံးချုပ်ရတဲ့လူငယ်နဲ့ ငယ်စဉ်ကတည်းက အမျိုးသားနို်င်ငံရေးလမ်းကြောင်းအတိုင်း ဆက်လျှောက်တဲ့လူငယ်ရယ်လို့ ဖြစ်လာခဲ့ကြရပါတယ်။

ကောင်းပြီ။ အဲသလို မတူညီတဲ့လူငယ်တွေ ဘာကြောင့်ဖြစ်လာကြရတာလဲ။ လူငယ်တချို့ဟာ သူ့မူလနှလုံးသားနဲ့ ရည်ရွယ်ချက်ကိုနှိုက်က အများအကျိုး တိုင်းပြည်အကျိုးကိုပဲ ဦးတည်ချင်စိတ်ရှိကြပြီး အဲဒီလိုစိတ်ဓါတ်နဲ့ နေထို်င်သွားကြတဲ့ ထင်ရှားတဲ့ကမ္ဘာ့ခေါင်းဆောင်တွေအကြောင်း ဖတ်ကြ လေ့လာကြ အတုယူကြလို့ဖြစ်ပါတယ်။ ကမ္ဘာကြီးထဲက မတူတဲ့ လူတွေအကြောင်း လေ့လာခွင့်ရခဲ့ကြလို့ဖြစ်ပါတယ်။

နောက်တစ်အုပ်စုဖြစ်တဲ့ လူငယ်တွေကတော့ သူတို့က အာဏာနဲ့အကျိုးစီးပွားကိုပဲ အာရုံကိုင်းညွှတ်တာများပြီး ပြင်ပစာအုပ်တွေနဲ့ ကမ္ဘာကြီးဘာဖြစ်နေတယ်ဆိုတာထက် သူ့အဖွဲ့အစည်းအတွင်း ဘယ်နေရာ ဘယ်သူ့ကို ဘယ်လိုရအောင်ယူ ဘယ်လိုချဉ်းကပ်ရမလဲဆိုတဲ့အရာအပေါ်မှာ ပိုပြီးအာရုံညွှတ်ခဲ့ကြလို့ပါပဲ။

ဒိီလို ဖြတ်သန်းမှု၊ ရပ်တည်မှုနဲ့ နှလုံးသားအပေါ်မူတည်ပြီး ကမ္ဘာကြီးထဲက နိုင်ငံရေးအယူအဆအမျိုမျိုးအပေါ်လေ့လာမှုအပေါ်မူတည်ပြီး၊ မတူတဲ့ ခေါင်းဆောင်များကိုလေ့လာမှုအပေါ်မူတည်ပြီး တနည်းအားဖြင့်ပြောရရင် သစ်တောကြီးအတွင်းက သစ်တစ်ပင်ချင်းအပေါ်လေ့လာအတုယူမှုအပေါ်မူတည်ပြီး မတူတဲ့လူငယ်တွေဖြစ်လာကြတာကို ကျနော်တို့ သတိပြုရပါမယ်။

ကမ္ဘာကြီးပေါ်မှာ တခေတ်ထဲဖြစ်ကြပေမယ့် ဗိုလ်ချုပ်အောင်ဆန်းလိုလူ ဘာကြောင့်ဖြစ်လာရသလဲ။ ဂဠုန်ဦးစော ဘာကြောင့်ဖြစ်လာရသလဲ။ တချိန်တည်းလိုဖြစ်ပေမယ့် ဂန္ဓီလိုလူနဲ့ ဟစ်တလာလိုလူ ဘာကြောင့်မတူကွဲပြားသွားရသလဲ။ ကျနော်တို့က ဘယ်လိုလူတွေကို စိတ်ဝင်စားသင့် ထောက်ခံအတုယူသင့်သလဲ။ ကျနော်တို့ မလေ့လာလို့မဖြစ်ပါဘူး။

ဒါကြောင့်မို့ နို်င်ငံရေးဆိုတာတော့မှန်ပါတယ်။ဘယ်လိုနိုင်ငံရေးလည်း။ အများအတွက်နိုင်ငံရေးလား။ လူတစ်စုအတွက် နိုင်ငံရေးလား။ နိုင်ငံရေးဆိုတဲ့ သစ်တောကြီးထဲက လူတစ်ဦးချင်း၊ ကိစ္စတစ်ခုချင်းစီရဲ့ မတူညီတဲ့ကွဲပြားခြားနားမှု တနည်းအားဖြင့် သစ်တစ်ပင်ချင်းစီရဲ့အကြောင်း သိဖို့ကလည်း အထူးလိုအပ်ပါတယ်။

ဒါပါပဲ။

သစ်တောကြီးကိုလည်း သိ။ သစ်တောကြီးထဲက သစ်ပင်တစ်ပင်ချင်းစီကိုလည်း ကြည့်ပြီး လူငယ်တွေ လောကကောင်းကျိုး မှန်ကန်စွာ ဆောင်ရွက်နို်င်ကြပါစေ။

အပိုင်း(၁) အပြည့်အစုံ ဖတ်ရှုရန် - http://www.mizzimaburmese.com/article/39245

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly