အီရန်က ဒေသတွင်း မတည်ငြိမ်အောင် လုပ်ဆောင်နေဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး စွပ်စွဲ

အီရန်က ဒေသတွင်း မတည်ငြိမ်အောင် လုပ်ဆောင်နေဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး စွပ်စွဲ

၀ါရှင်တန်၊ ဧပြီ ၃၀ ။               ။ အီရန်အား ဆန့်ကျင်မှု ပူးပေါင်းအား ရယူရန်နှင့် အီရန်နျူကလီးယားသဘောတူညီမှု အဆုံးသတ်ရေး သမ္မတ ထရမ့်၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်ပြီး ပြောဆိုရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် မိုက်ပွန်ပီယိုက ဆော်ဒီအာရေဗျနှင့် အစ္စရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

ဆော်ဒီအာရေဗျနယ်စပ်သို့ အီရန် ကျောထောက်နောက်ခံပြုသည့် ယီမင်မှ သူပုန်များက  ဒုံးကျည်များ ပစ်ခတ်ပြီး အချိန်ပိုင်းအတွင်း ပွန်ပီယိုက ဧပြီ ၂၈ ရက်တွင် ဆော်ဒီသို့ ရောက်ရှိလာခြင်းလည်း ဖြစ်သည်။

ပွန်ပီယိုနှင့်အတူ လိုက်ပါလာကြသော အမေရိကန်တာဝန်ရှိသူများက ဟူသီသူပုန်များ၏ ဒုံးကျည်များသည် အီရန်က ထောက်ပံ့ထားခြင်း ဖြစ်ခြင်းကြောင့် ဒေသတွင်း အင်အားကြီးနိုင်ငံများအနေဖြင့် အတူပူးပေါင်းသင့်ကြောင်း သတင်းထောက်များအား ပြောသည်။

ပွန်ပီယိုသည် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမတ်ဘင်ဆာလမန်နှင့် ညစာစားသုံးခဲ့ပြီးနောက် ဧပြီ ၂၉ ရက်တွင် ဆော်ဒီဘုရင် ဆာလမန်နှင့် တွေ့ဆုံသည်။

ယင်းနောက်တွင် ဂျေရုဆလင်သို့ သွားရောက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံမည်ဖြစ်ကာ ယင်းမှတစ်ဆင့် ဂျော်ဒန်သို့ ခရီးဆက်မည်ဖြစ်သည်။

သမ္မတ ထရမ့်က အီရန်အပေါ်  နျူကလီးယားနှင့် ဆက်စပ်သော ဒဏ်ခတ်ပိတ်ဆို့မှုများအား ပြန်လည်ချမှတ်ရန် မေ ၁၂ ရက်တွင် ဆုံးဖြတ်မည်ဖြစ်ကာ နျူကလီးယားဗုံး မပိုင်ဆိုင်အောင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ ကြိုးစားထားသော သမိုင်းဝင် ၂၀၁၅ နျူကလီးယားသဘောတူညီမှုမှလည်း နုတ်ထွက်မည် ခြိမ်းခြောက်ထားသည်။

အိုဘားမားလက်ထက်က အတည်ပြုခဲ့သော အဆိုပါ နျူကလီးယားသဘောတူညီမှုကို ထရမ့်နှင့် အရှေ့အလယ်ပိုင်း မဟာမိတ်များက ငြင်းဆန်ထားသော်လည်း အီရန်၏ ဒုံးကျည်စီမံကိန်းများအား ထိန်းချုပ်နိုင်ရေးအတွက် အစားထိုးသဘောတူညီမှုတစ်ရပ် လိုအပ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required