ကပ္ပလီပင်လယ်ပြင်အတွင်းမှ လေဖိအားနည်းရပ်ဝန်းဟာ လေစိုင်ဝဲအဖြစ် ဧရာဝတီတိုင်းအတွင်း ၀င်ရောက်ဖွယ်ရှိနေ

ကပ္ပလီပင်လယ်ပြင်အတွင်းမှ လေဖိအားနည်းရပ်ဝန်းဟာ လေစိုင်ဝဲအဖြစ် ဧရာဝတီတိုင်းအတွင်း ၀င်ရောက်ဖွယ်ရှိနေ

ရန်ကုန် ၊ ဧပြီ ၃၀ ။               ။ ကပ္ပလီပင်လယ်ပြင်အတွင်း၌ ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် လေစိုင်ဝဲအဖြစ် ပြောင်းလဲကာ ဧရာဝတီတိုင်း အတွင်းသို့ ၀င်ရောက်ဖွယ်ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာ ဦးထွန်းလွင်က မဇ္စျိမသို့ ယနေ့ ဧပြီလ ၃၀ ရက်နေ့တွင် အတည်ပြုပြောဆိုသည်။

လေစိုင်ဝဲဆိုသည့် သဘောသဘာဝသည် လှည့်ပတ်တိုက်ခတ်နေသည့် လေထုဖြစ်ပြီး မုန်တိုင်းထက် တစ်ဆင့် နိမ့်သည့် သဘောမျိုးဖြစ်သည်ဟု ဦးထွန်းလွင်က ဆိုသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း(လေစိုင်ဝဲ)သည်  မြောက်အရှေ့စူးစူးအရပ်ကို ဦးတည်ရွေ့လျားလာပြီး မေလ ၁ ရက်နေ့ ညနေပိုင်းမှ ၂ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းအတွင်းသို့   ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်း ထားကြောင်း ၄င်းကဆိုသည်။

လေတိုက်နှုန်းအနေဖြင့် တစ်နာရီလျှင် ရေမိုင် ၂၅-၃၀ ခန့်(ကုန်းမိုင် ၃၅-၄၀) ခန့် တိုက်ခတ်နိုင်သည်ဟု သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ယခုလောလောဆယ်တွင် မုန်တိုင်းအဆင့် မဖြစ်သေး သော်လည်း မုန်တိုင်းအဆင့် ဖြစ်ပေါ်ရန် အလားအလာများနေခြင်းကြောင့် အချိန်နှင့်တပြေးညီ စောင့်ကြည့်ရန် လိုအပ်နေသည်ဟု ဦးထွန်းလွင်က ဆိုသည်။

ယနေ့ လက်ရှိအနေအထားတွင် ကပ္ပလီပင်လယ်ပြင်၌ ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် ကြီးမားသည့် တိမ်တိုက်ကြီးများသည် တနင်္သာရီကမ်းလွန်ဒေသတွင်ဖြစ်ပေါ်နေသည် ၄င်းက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required