ရန်ကုန် ၊ ဧပြီ ၃၀ ။ ။ ဒုရဲမှူးမိုးရန်နိုင်ကို ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့် ရဲတရားရုံးကနေ ထောင်ဒဏ်တစ်နှစ်ချမှတ်ပြီး အင်းစိန် ထောင်ကို ပို့လိုက်သည်ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက မဇ္စျိမကို အတည်ပြု ပြောဆိုပါသည်။
"ဟုတ်ပါတယ်၊ သူက သတင်းအချက်အလက်တွေကို အထက်ဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ မသက်ဆိုင်တဲ့ သူတွေကို ပြောတာပေ့ါ၊ အဲ့ဒါကြောင့်မို့လို့ပါ" ဟု ရဲမှူးကြီးမျိုးသူစိုးက ဆိုသည်။
အမှတ်(၈)လုံခြံုရေးရဲတပ်ဖွဲ့ခွဲ၌ တာဝန်ကျနေသည့် ဒုရဲမှူး မိုးရန်နိုင်သည် ရိုက်တာသတင်းဌာနက သတင်းထောက်နှစ်ဦး ဖြစ်သည့် ကိုဝလုံး(ခ) ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦးတို့ကို တွေ့ဆုံပြီး အင်တာဗျူးဖြေပေးခဲ့ခြင်းကြောင့် ယခုလို ထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းလည်းဖြစ်သည်။
ရဲစည်းကမ်းဖေါက်ဖျက်မှု ဥပဒေ အခန်း ၁၆ (ခ)နှင့် အခန်း ၂၂ တွင် စည်းကမ်းဖောက်ဖျက်မှုကျူးလွန်ကြောင်း ဆုံးဖြတ်ခံရသူအား ထောင်ဒဏ် တနှစ်အထိ ချမှတ်နိုင်သည်ဟု ရေးသားထားသည်။
ဒုရဲမှူးမိုးရန်နိုင်၏ ဇနီးဖြစ်သူ မတူးတူးက ပြစ်ဒဏ်ချမှတ်ချမှတ်ခဲ့သည့်ကိစ္စကို ယမန်နေ့ ဧပြီလ ၂၉ ရက်နေ့က ရဲတပ်ဖွဲ့မှ ဆက်သွယ်အကြောင်းကြားခဲ့သည်ဟု ဆိုသည်။
ဒုရဲမှူး မိုးရန်နိုင် ပြစ်ဒဏ်ခံခဲ့ရသည့် ကိစ္စနှင့် ပတ်သက်ပြီး "အခုလောလောဆယ်တော့ ကျွန်မတို့ ဘာမှကို လုပ်ချင်စိတ်လည်း မရှိတော့ဘူး။ စိတ်ပျက်လို့" ဟု ဒုရဲမှူး မိုးရန်နိုင်၏ဇနီး မတူးတူးက မဇ္စျိမကို ပြောသည်။
နိုင်ငံတော်လျှို့ဝှက်ချက်များအက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ရိုက်တာသတင်းသမားများ အမှုတွင် ဒုရဲမှူး မိုးရန်နိုင်သည် အစိုးရတရားလိုသက်သေအဖြစ် တရားရုံး၌ ထွက်ဆိုခဲ့သည်။
၄င်း၏ ထွက်ဆိုချက်၌ ရိုက်တာသတင်းသမားများကို ထောင်ချောက်ဆင်ဖမ်းဆီးရန် ရဲမှူးချုပ် တင်ကိုကို က စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယင်းသို့ ဒုရဲမှူး မိုးရန်နိုင်က ထွက်ဆိုခဲ့ခြင်းကြောင့် ဒုရဲမှူး မိုးရန်နိုင်အား မယုံကြည့်ရသည့် သက်သေအဖြစ် ကြေညာပေးရန် ဧပြီလ ၂၅ ရက်နေ့က ပြုလုပ်သည့် တရားရုံးချိန်းတွင် အစိုးရဘက်က လျှောက်လဲချက် ပေးခဲ့သည်။