မုံရွာမြို့တွင် ရုပ်ရှင်မင်းသား ကျော်သူ ဦးဆောင်၍ ဆိုင်ကယ်ကမ်ပိန်းပြုလုပ်သွားမည်

မုံရွာမြို့တွင် ရုပ်ရှင်မင်းသား ကျော်သူ ဦးဆောင်၍ ဆိုင်ကယ်ကမ်ပိန်းပြုလုပ်သွားမည်
ဓာတ်ပုံ-Kyaw Thu

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ရန်ကုန်နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ရုပ်ရှင်မင်းသား ကျော်သူ ဦးဆောင်၍ We Love Tattoo (မုံရွာ)နှင့် မုံရွာယာဉ်ထိန်းရဲတပ်ဖွဲ့တို့မှ မေလ ၅ ရက်နေ့တွင် ဆိုင်ကယ်ကမ်ပိန်းပြုလုပ်သွားမည်ဟု သိရသည်။

ယခုလို ကမ်ပိန်းပြုလုပ်ရခြင်းသည် ဆိုင်ကယ်မောင်းနှင်သည့်အခါ ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန်နှင့် ယာဉ်စည်းကမ်းလမ်းစည်းလိုက်ရန်အတွက် ရည်ရွယ်ပြီး ပူးပေါင်း ပြုလုပ်ခြင်းဖြစ်ကြောင်း We love Tattoo (မုံရွာ)အဖွဲ့မှ အတွင်းရေးမှူး ကိုအောင်နေမျိုးက ဆိုသည်။

" အဓိက ၂၀၁၇ တုန်းကဆိုရင် မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးတစ်ခုတည်းတင် ယာဉ်တိုက်မှုကြောင့် ရောက်လာတဲ့ လူနာပေါင်း ၂၈၀၀ ကျော်ရှိတယ်။ တစ်နှစ်ထက် တစ်နှစ် ဆိုင်ကယ်အက်ဆီးဒန့် ဖြစ်ပွားမှုနှုန်းက ပိုများလာတယ်။ ဖြစ်ပွားမှုမှာလည်း ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့အတွက် မသေသင့်ဘဲ သေရတာတွေက များတယ် ။ အဲ့ဒါကြောင့် ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းဖို့နဲ့ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာကြဖို့အတွက် လုပ်တာပါ ။ ဦးကျော်သူကို ဖိတ်ခေါ်တဲ့အခါ သူလည်း စိတ်ဝင်စားတဲ့အတွက် သူလည်း လာရောက်ပူးပေါင်း ဆောင်ရွက်တာဖြစ်တယ်" ဟု ကိုအောင်နေမျိုးမှ ပြောသည်။

ကမ်ပိန်းတွင် ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန်နှင့် "ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာကြစို့ " စာတန်းပါ တူညီအကျီများ ဝတ်ဆင်ပြီး ဆိုင်ကယ်များဖြင့် မြို့တွင်းလှည့်လည်ကြပြီး လူစည်ကားရာနေရာများတွင် အသိပညာပေး စာစောင်များ ဝေငှခြင်း၊ ဟောပြောခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကမ်ပိန်းကို ဆိုင်ကယ်အစီးရေ ၁၀၀ ကျော် ၊ လူအင်အား ၂၀၀ နီးပါးခန့်ဖြင့် ပြုလုပ်မည်ဖြစ်ပြီး ဆိုင်ကယ်ကမ်းပိန်းအပြီးတွင် မုံရွာကန်သာယာ၌ စွန့်ပစ်ကားတာယာများဖြင့် အမှိုက်ပုံးများပြုလုပ်ကာ အမှိုက်ကောက်ကမ်ပိန်းကိုလည်း ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly