မြန်မာ-ဗီယက်နမ် ယဉ်ကျေးမှု ပူးပေါင်းဖျော်ဖြေပွဲ ရန်ကုန်တွင် ကျင်းပ

မြန်မာ-ဗီယက်နမ် ယဉ်ကျေးမှု ပူးပေါင်းဖျော်ဖြေပွဲ ရန်ကုန်တွင် ကျင်းပ

ရန်ကုန် ဧပြီ ၂၉ ။            ။ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ ပူးပေါင်းဖျော်ဖြေ တင်ဆက်သည့် 'Honoring brands in cultural activities and international integration ဖျော်ဖြေပွဲကို ဧပြီလ ၂၈ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံတွင် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံယဉ်ကျေးမှုအနုပညာအဖွဲ့နှင့် ဗီယက်နမ်နိုင်ငံ ယဉ်ကျေးမှုအနုပညာအဖွဲ့တို့ ပူးပေါင်း ဖျော်ဖြေတင်ဆက် ခြင်းဖြစ်ပြီး မြန်မာ - ဗီယက်နမ် တို့အကြား လက်မှတ်ရေးထိုးခဲ့သည့် Cultural Cooperation Program (2017- 2020) အရ အဆိုပါဖျော်ဖြေပွဲကို ကျင်းပရခြင်းဖြစ်သည်။

"မြန်မာနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ရဲ့ ၄၃ နှစ်မြောက် ချစ် ကြည်ရင်းနှီးမှု ဆက်သွယ်တဲ့ အထိမ်းအမှတ် နှစ်အနေနဲ့ ကျင်းပတာဖြစ်ပါတယ်၊ နှစ်နိုင်ငံ MoU ထိုးထားပါတယ်၊ အဲဒီအကျိုးဆက် အနေနဲ့ အခုလို နှစ်နိုင်ငံယဉ်ကျေးမှု အဖွဲ့တွေ ပူးပေါင်းပြီး ယဉ်ကျေးမှုဖလှယ်ခြင်းပဲ ဖြစ်ပါတယ်၊ ကျွန်တော်တို့ နိုင်ငံမှာ အခုလို ကျင်းပနေသလိုပဲ ဗီယက်နမ်နိုင်ငံမှာလည်း မြန်မာနိုင်ငံက ယဉ်ကျေးမှုအနုပညာရှင်အဖွဲ့တွေ က သွားရောက်ပြီး တစ်ချိန်တည်းမှာ ဖျော်ဖြေလျက်ရှိပါတယ်" ဟု အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်က ပြောသည်။

ဖျော်ဖြေပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး H.E. Dr. Luan Thuy Duong နှင့် ရန်ကုန်မြို့ရှိ သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ တက်ရောက်ခဲ့ကြသည်။

သာသနာရေးနှင့်ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး H.E. Dr. Luan Thuy Duong တို့ကလည်း နှုတ်ခွန်းဆက်အမှာ စကားပြောကြားခဲ့ သည်။

ဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် မှ အနုပညာရှင် များက နတ်တို့ပျော်ရာ ၀တိ ံသာ ယိမ်းအက၊ ခေတ်ခြောက်ခေတ် ယိမ်းအက(ပျူ၊ ပုဂံ၊ အင်းဝ၊ ကုန်းဘောင်၊ ရတနာပုံ၊ မျက်မှောက်)၊ မြန်မာ့မင်္ဂလာ ယိမ်းအက၊ သာစွမြန်မာပြည် ယိမ်းအကတို့ဖြင့် လည်းကောင်း ၊ ဗီယက်နမ်နိုင်ငံ ယဉ်ကျေးမှု အနုပညာအဖွဲ့က ဗီယက်နမ် အက (Tray hoi xuan)၊ ဗီယက်နမ်ယပ်တောင်အက တို့ဖြင့် ဖျော်ဖြေခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly