ကပ္ပလီပင်လယ်ပြင်၌ လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်နိုင်

ကပ္ပလီပင်လယ်ပြင်၌ လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်နိုင်
ဓာတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

 

ရန်ကုန် ၊ ဧပြီ ၂၈ ။      ။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ ဧပြီလ ၂၈ ရက်နေ့ နေ့လည် ၂နာရီက ကြေညာထားသည်။

ယင်းအပြင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးရှစ်ခု၌ နှစ်ရက်တာကာလအတွင်း မိုးရွာသွန်းမည်ဟုလည်း မိုးဇလက ခန့်မှန်းထားသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မိုးရွာသွန်းမည်ဟု ခန့်မှန်းထားသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှာ  ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ ဖြစ်သည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း၌ တနင်္သာရီတိုင်း၌ နေရာအနှံ့အပြား၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမိုးရွာသွန်းခဲ့သည်။

ယင်းအပြင် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ကြောင်း သိရသည်။

ကမ်းရိုးတန်းဒေသများဖြစ်သည့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်သည်ဟု သိရသည်။
လေဖိအားနည်းရပ်ဝန်းအခြေအနေနှင့် ပတ်သက်ပြီး မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က " မုန်တိုင်းဖြစ်ဖို့အလားအလာရှိနေသော်လည်း မုန်တိုင်းဖြစ်ဖို့သတ်မှတ်ချက်မပြည့်သေးပါ " ဟု သူ့၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required