အထည်ချုပ်လုပ်ငန်းခွင် အန္တရာယ်ကင်း၊ကျန်းမာရေးစောင့်ရှောက်မှုပေးမည့်် လမ်းညွှန်စာစောင်အသိပေးပွဲပြုလုပ်

အထည်ချုပ်လုပ်ငန်းခွင် အန္တရာယ်ကင်း၊ကျန်းမာရေးစောင့်ရှောက်မှုပေးမည့်် လမ်းညွှန်စာစောင်အသိပေးပွဲပြုလုပ်

ရန်ကုန်၊ ဧပြီ ၂၈ ။               ။ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် အထည်ချုပ်လုပ်ငန်းများဖြစ်လာစေရေးအတွက် အလုပ်ရှင်၊ အလုပ်သမားများ ကိုးကားအသုံးပြုနိုင်ရန် ရည်ရွယ်ကာ အထည်ချုပ်ကဏ္ဍလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်စာစောင် အသိပေးရှင်းလင်းပွဲကို ရန်ကုန်မြို့၊ ချက်ထရီယံဟိုတယ်တွင် ဧပြီလ ၂၈ ရက်က ပြုလုပ်ခဲ့သည်။

အဆိုပါအသိပေးရှင်းလင်းပွဲကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံရုံးတို့ ပူးပေါင်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက " အထည်ချုပ်လုပ်ငန်းတွေအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန် စာစောင်ကို သုံးပွင့်ဆိုင် ပူးပေါင်းပြုစုရေးသားခဲ့တာပါ။ လမ်းညွှန်စာစောင်မှာ အထည်ချုပ်လုပ်ငန်းတွေမှာ အဓိက ဖြစ်ပွားတက်တဲ့ ဘေးအန္တရာယ်တွေ အလုပ်ရှင်၊ မန်နေဂျာ၊ အလုပ်သမားများအနေနဲ့ လုပ်ငန်းခွင် ဘေး အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်သက်ပြီးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သင့်တဲ့ အချက် တွေကို ဖော်ပြထားပါတယ်။အထည်ချုပ် လုပ်ငန်းများတွေသာမက အခြားလုပ်ငန်းတွေက အလုပ်ရှင်၊ မန်နေဂျာ၊ အလုပ်သမားတွေ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးကိစ္စရပ်တွေ ဆောင်ရွက်ရာမှာ ကိုးကားအသုံးပြုနိုင်မှာဖြစ်တဲ့အတွက် များစွာအကျိုးရှိစေမှာဖြစ်ပါတယ်" ဟု ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

ယင်းလမ်းညွှန်စာစောင်ကို အလုပ်ရုံနှင့် အလုပ်သမား စစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်း ရှင်များအသင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှု အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်၊ မြန်မာနိုင်ငံတောင်သူလယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန် လုပ်ငန်းပေါင်း စုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ်တို့မှ ပူးပေါင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး ဒိန်မတ်နိုင်ငံမှ နည်းပညာအကူအညီပေးခဲ့ ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး H.E Peter Lysholt Hansen က ""လုပ်ငန်းခွင့်ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ ပညာရပ်ဆိုင်တဲ့စကားရပ်ဖြစ်ပြီး ပျင်းစရာကောင်းပါတယ် ဒါပေမယ့်ဒါရိုးရှင်းတဲ့လုပ်ထုံးလုပ်နည်းတစ်ခုပါ အရမ်းရိုးရှင်းပါတယ်။ နောက်ပြီး အရမ်းလည်းအရေးပါပါတယ် ကျွန်တော်တို့နောက်ထပ် ခေါ်တာကတော့ လုပ်ငန်းခွင့်အန္တရာယ်ကင်းရှင်းရေးပါ ဘာလို့လဲဆိုတော့ အခြေခံ အား ဖြင့် အလုပ်သမားတိုင်းဟာ သက်စွန့်စံဖျားလုပ်ရတာမျိုးမရှိဘဲ လုပ်ငန်းခွင့်ကိုသွားနိုင်သင့်ပါတယ်" ဟုဆိုသည်။

လက်ရှိ မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းသည် အလျင်အမြန် တိုးတက်မှုများရှိနေပြီး အလုပ်အကိုင်အခွင့် အလမ်းများစွာ ဖန်တီးနိုင်သည့် လုပ်ငန်းတစ်ခုအနေဖြင့် လက်ရှိ အထည်ချုပ်ကဏ္ဍတွင် အလုပ်သမား (၅) သိန်းနီးပါး အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

"အခုလိုမျိုးဒိန်းမတ်နိုင်ငံရဲ့အကူအညီနဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ လုပ်ငန်းခွင့်အန္တရာယ်ကင်းရှင်းရေး လက်စွဲ စာစောင်တွေကို စီစဉ်နိုင်ခဲ့တဲ့အအတွက် အထည်ချုပ်လုပ်ငန်းအတွက်ကို မှတ်တိုင်တစ်ခုဖြစ်တာကို အင်မတန် ဂုဏ်ယူဝမ်းမြောက်မိပါတယ်"ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်းက ဆိုသည်။

လုပ်ငန်းခွင်များတွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး အပါအဝင် နိုင်ငံတကာ စံနှှုန်းနှင့် အလေ့ အထ ကောင်းများအတိုင်း ဆောင်ရွက်နိုင်မှသာ ကုန်ထုတ်စွမ်းအား တိုးတက်စေပြီး ဥရောပ၊ အမေရိကန်နိုင်ငံ ကဲ့သို့ နိုင်ငံတကာ စျေးကွက်သို့ အဆင့်မီတင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာအနှံ့တွင် လုပ်ငန်းခွင်ထိခိုက်မှုနှင့် ရောဂါရရှိမှုများကြောင့် တစ်နှစ်ကို အလုပ်သမား၂ ဒဿမ ရ၈ သန်း သေဆုံးနေရပြီး ၃၇၄ သန်း ထိခိုက်ဒဏ်ရာရမှုနှင့် နာမကျန်းမှုများရှိနေသည်ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required