အပျော်တမ်းလိဂ်ကို အသင်း ၁၆ သင်းဖြင့်ကျင်းပနိုင်ရန် ဘောလုံးအဖွဲ့ချုပ် စီစဉ်နေ

အပျော်တမ်းလိဂ်ကို အသင်း ၁၆ သင်းဖြင့်ကျင်းပနိုင်ရန် ဘောလုံးအဖွဲ့ချုပ် စီစဉ်နေ
 WE ARE ONE CUP 2018 ပြိုင်ပွဲဖွင့်ပွဲကျင်းပနေစဉ် (ဓါတ်ပုံ MFF)

 

ဧပြီ ၂၈၊ ရန်ကုန်။             ။ မြန်မာဘောလုံးအဖွဲ့ချုပ်အနေဖြင့် အပျော်တမ်းလိဂ်ပြိုင်ပွဲကို အသင်း ၁၆ သင်းဖြင့် ကျင်းပနိုင်ရန် စီစဉ်နေသည်ဟု ဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

မြန်မာဘရူဝါရီလီမိတက်က ကျင်းပနေသည့် WE ARE ONE CUP 2018 အပျော်တမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရန်ကုန်၊ မန္တလေးမှ ပြိုင်ပွဲဝင် အသင်း ၈ သင်းစီ၊ စုစုပေါင်း ၁၆ သင်းဖြင့် အပျော်တမ်းလိဂ်ပုံစံကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။

“မြန်မာဘရူဝါရီကလုပ်တဲ့ ဒီနှစ်ပြိုင်ပွဲမှာ ရန်ကုန်၊ မန္တလေးကတက်လာတဲ့ ပြိုင်ပွဲဝင်အသင်း ၈ သင်းစီကို ကျွန်တော်တို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အပျော်တမ်းလိဂ်ပုံစံနဲ့ သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့အောက်မှာ ၈သင်း၊ ၈ သင်းနဲ့ ၁၆ သင်း အပျော်တမ်းလိဂ်အဖြစ်ကိုရောက်သွားမှာဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်နဲ့ ချိတ်ဆက်မလားဆိုတာကိုတော့ နည်းစနစ်ဌာနက သေချာဆွေးနွေးတိုင်ပင်သွားမှာပါ။

ဒီအပျော်တမ်းလိဂ်ပြိုင်ပွဲကနေ မြန်မာနေရှင်နယ်လိဂ်-၂ ကို ဘယ်နှစ်သင်းလောက်ဝင်ပြိုင်ခွင့်ပေးမလဲဆိုတာကို မကြာခင် ထုတ်ပြန်ပေးသွားမှာပါ”ဟု ဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

ဘောလုံးအဖွဲ့ချုပ်ကို စပွန်ဆာအဖြစ်ပံ့ပိုးနေသည့် မြန်မာဘရူဝါရီလီမိတက်သည် WE ARE ONE CUP အပျော်တမ်းဘောလုံး ပြိုင်ပွဲကို ပြီးခဲ့သည့်နှစ်မှစတင်ကာ မြန်မာနိုင်ငံမြို့ကြီးများတွင် ကျင်းပနေပြီး အနည်းဆုံး ၂၀၂၀ ခုနှစ်ထိ ကျင်းပသွားဖွယ်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly