ညောင်ဦးမြို့အနီး အင်အားနည်း ငလျှင်လှုပ်

ညောင်ဦးမြို့အနီး အင်အားနည်း ငလျှင်လှုပ်
ဓာတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ရန်ကုန်၊ ဧပြီ ၂၇  ။          ။ ညောင်ဦးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၃၅) မိုင်ခန့်ကွာဝေးသော နေရာကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျှင်တစ်ခု ဧပြီလ ၂၇ရက်နေ့ နံနက်ပိုင်းက လှုပ်ခတ်သွားခဲ့သည်။

၂၀၁၈ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉) နာရီ၊ (၄၈) မိနစ်၊ (၃၂) စက္ကန့် အချိန်တွင် အင်အားရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ ငလျှင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း   ညောင်ဦးမြေငလျှင်စခန်းမှ တိုင်းတာရရှိခဲ့ခြင်းဖြစ်သည်။

ညောင်ဦးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၃၅) မိုင်အကွာ၊ မြိုင်မြို့၏ အနောက်မြောက်ဘက် (၉) မိုင်ခန့်အကွာ၊ အနက် (၁၃၀) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ပုဂံ၊ ညောင်ဦးရှိ ရှေးဟောင်းစေတီပုထိုးများတွင် ၂၀၁၆ ခုနှစ်က ငလျှင်ဒဏ်ကြောင့် ရှေးဟောင်းစေတီ ၂၄၁ ဆူ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့ နံနက် ၁ နာရီ ၁ မိနစ် ၄၅ စက္ကန့်အချိန်၌ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့၏ အနောက်တောင်ဘက် ၂၉မိုင်အကွာကိုဗဟိုပြု၍ အင်အားရစ်ချက်တာစကေး ၅ ဒဿမ ၁ အဆင့်အင်အားအသင့်တင့်ရှိသော ငလျှင်တစ်ခုလှုပ်ခတ်သွားခဲ့သေးသည်။

ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၂၃ ရက်(ယနေ့)အထိ ပြည်တွင်း၌ ငလျင်အကြိမ် (၇၀)လှုပ်ခတ်ခဲ့ပြီး ဖြူးမြို့အနီးကိုဗဟိုပြု၍ ငလျင် (၂၄)ကြိမ်အထိ လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required