ရဝမ်ဒါ လူမျိုးတုံးသတ်ဖြတ်မှုမှ အရိုးစု ရာပေါင်းများစွာအား တူးဖော်တွေ့ရှိ

ရဝမ်ဒါ လူမျိုးတုံးသတ်ဖြတ်မှုမှ အရိုးစု ရာပေါင်းများစွာအား တူးဖော်တွေ့ရှိ

ကီဂါလီ၊ ဧပြီ ၂၇ ။                           ။ ၁၉၉၄ ခုနှစ် ရဝမ်ဒါ လူမျိုးတုံးသတ်ဖြတ်မှုအတွင်းက ရုပ်အလောင်းအရိုးစုပေါင်း ၂၀၀ ကျော်ထက်မနည်းကို မြို့တော် ကီဂါလီဆင်ခြေဖုံး ရွာတစ်ရွာတွင် ဖော်ထုတ်တွေ့ရှိကြောင်း နိုင်ငံ၏ အထိမ်းအမှတ်စင်တာက ဧပြီ ၂၆ ရက်တွင် ပြောသည်။

ရူဆိုရိုရို ကျေးရွာသားများက ရက်အချို့ တူးဖော်မှုများ လုပ်ကိုင်ရာ မီတာ ၂၀ အရောက်တွင် အဆိုပါ စိတ်ပျက်ဖွယ် အရိုးစုများကို နေရာလေးနေရာအနှံ့ တွေ့ရှိခြင်း ဖြစ်သည်။

လူအစုအပြံုလိုက် သတ်ဖြတ်မှု ဖြစ်ပွားထားခြင်းကြောင့် နှစ်ပေါင်း အစိတ်အတွင်း ရုပ်အလောင်းများကို တွေ့ရှိနေရဦးမည်ဆိုခြင်းက မျှော်လင့်ပြီးသားဖြစ်ခြင်းကြောင့် မအံ့သြကြောင်း ကီဂါလီအထိမ်းအမှတ်စင်တာမှ  ဦးဆောင်ညွှန်ကြားရေးမှူး ဂါတီရာဟွန်နောက ပြောသည်။

“ရှာမတွေ့သေးတဲ့ ရုပ်အလောင်းတွေ ရှိနေဦးမှာပဲ။ လူမျိုးတုံးသတ်ဖြတ်တဲ့ လက်စလက်နတွေကို ဖျောက်ဖျက်ထားတာကြောင့် ပုန်းကွယ်နေတယ် ရုပ်အလောင်းတွေ ရှိနေမှာပဲ ဖြစ်တယ်။”ဟု ၎င်းက ပြောသည်။

“ရူဆိုရိုရိုရွာမှာ ခုတွေ့တဲ့ ရုပ်အလောင်းတွေ ဖော်ထုတ်တွေ့ရှိမှုဟာလည်း နောက်ဆုံးဖြစ်မှာ မဟုတ်ဘူး။”ဟု ၎င်းက ဆိုသည်။

ဧပြီ ၂၂ ရက်က ရုပ်အလောင်းများ စတင်တူးဖော်တွေ့ရှိချိန်တွင် လူမျိုးတုံးသတ်ဖြတ်မှုအတွင်း ကျန်ရစ်သူများက ၎င်းတို့၏ ဆွေမျိုးသားချင်းများ ဟုတ်မဟုတ်ကို အဝတ်အစားများဖြင့် ခွဲခြားခဲ့ကြသည်။

လူမျိုးတုံးသတ်ဖြတ်မှုအတွင်း ရူဆိုရိုရိုတွင် လူပေါင်း ၃၀၀၀ နီးပါးကို ခေါ်ဆောင်ခြင်းခံခဲ့ရပြီး ယခုတွေ့ရှိသည့် ရုပ်အလောင်းအရိုးစုများမှာ ယင်းအုပ်စုမှ တစ်စိတ်တစ်ဒေသဖြစ်ကာ ကျန်သူများ၏ ကံကြမ္မာကို မသိရှိနိုင်သေးကြောင်း လူမျိုးတုံးသတ်ဖြတ်မှုအတွင်း ကျန်ရစ်သူများ အဖွဲ့ Ibuka က ယူဆထားသည်။

သဘောထားတင်းမာသော ဟူတူအစိုးရ၏ လှုံ့ဆော်မှုဖြင့် ၁၉၉၄ ဧပြီမှ ဇူလိုင်လအတွင်း ရဝမ်ဒါနိုင်ငံတွင် လူပေါင်း ရှစ်သိန်းနီးပါး သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ဟူတူအစွန်းရောက်များအား ပေါလ်ကာဂါမီ ဦးဆောင်သော ရဝမ်ဒါမျိုးချစ်တပ်ဦး သူပုန်အဖွဲ့က ဖြုတ်ချနိုင်ချိန်မှ လူမျိုးတုံးသတ်ဖြတ်မှုများ ရပ်ဆိုင်းသွားခဲ့ရသည်။ ပေါလ်ကာဂါမီသည် ၂၀၀၀ ခုနှစ်တွင် ရဝမ်ဒါ၏ သမ္မတ ဖြစ်လာခဲ့ပြီး လက်ရှိအချိန်အထိပဲ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly