အစ္စရေး၌ ရုတ်တရက်ရေကြီးမှုကြောင့် လူငယ် ၉ ဦးခန့်သေဆုံး

အစ္စရေး၌ ရုတ်တရက်ရေကြီးမှုကြောင့် လူငယ် ၉ ဦးခန့်သေဆုံး

ဂျေရုစလမ်၊ အစ္စရေး၊ ဧပြီ ၂၇ ။              ။ အစ္စရေးနိုင်ငံတောင်ပိုင်းတွင် ကြာသာပတေးနေ့က ပင်လယ်သေအနီး၌ လူငယ်တစ်ဖွဲ့သည် တောင်တက်ခရီး သွားနေစဉ် ရုတ်တရက်ရေကြီးမှု   ဖြစ်ပွားခဲ့သောကြောင့် လူငယ် ၉ ဦးခန့် တောင်ကျရေအတွင်း မျောပါသွားကာ သေဆုံးသွားခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ဆိုခဲ့သည်။

ဒါ့အပြင် ကယ်ဆယ်ရေးအဖွဲ့များသည် လူငယ်အဖွဲ့ထဲမှ ပျောက်ဆုံးသွားသော မိန်းကလေးငယ်တစ်ဦးကိုလည်း လိုက်လံရှာဖွေနေကြကြောင်း သတင်းအများအပြားက ဖော်ပြခဲ့သည်။

ယင်းအဖွဲ့အတွင်း ပါ၀င်ကြသော ကျောင်းသားလူငယ်အများစုမှာ အသက် ၁၈ နှစ်ဝန်းကျင်ခန့်သာ ရှိကြသေး ကြောင်း သိရသည်။

“ကျောင်းသားကျောင်းသူအဖွဲ့တွေ နေ့ခြင်းပြန်ခရီးထွက်ခဲ့တဲ့ အစ္စရေးတောင်ပိုင်းက ပင်လယ်သေအနီးမှာ ရုတ်တရက်ရေကြီးမှုဖြစ်ပွားပြီးတဲ့နောက် ရဲတပ်ဖွဲ့နဲ့ အရေးပေါ်ကယ်ဆယ်ရးအဖွဲ့တွေဟာ အခင်းဖြစ်ပွားရာ နေရာမှာ အရေးပေါ်လုပ်ငန်းတွေ လုပ်ဆောင်နေကြပါတယ်” ဟု ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မစ်ကီရိုဆန်ဖဲ က တွစ်တာ၌ ရေးသားခဲ့သည်။

လှပသောရှုခင်းများကိုမြင်တွေ့နိုင်သောကြောင့် တောင်တက်သမားများ အမြဲတမ်းလာရောက်လေ့ရှိသည့် Tzafit ချောင်းအတွင်း၌ ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများက စစ်ရဟတ်ယာဉ်များကို အသုံးပြုကာ ရှာဖွေရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသည်။

အစ္စရေးသမ္မတ ရူဗန်ရီဗလင်က “ယခုဝမ်းနည်းဖွယ်ရာအဖြစ်အပျက်ကို ကြံုတွေ့ခံစားခဲ့ရသူများနဲ့ ကျန်ရစ်သူ မိသားစုတွေနဲ့အတူ ထပ်တူထပ်မျှ ၀မ်းနည်းရပါတယ်” ဟု သူ၏တွစ်တာ၌ ရေးသားခဲ့သည်။ ဒါ့အပြင် ပြည်သူ များအနေဖြင့် ရဲတပ်ဖွဲ့၏ ညွှန်ကြားချက်များကိုလိုက်နာဖို့လည်း သူက မေတ္တာရပ်ခံခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly