မျိုးဆက်ကွာဟမှုကြား မြောက်ကိုရီးယားကို လက်ခံရေးမှာ တောင်ကိုရီးယားတို့ကြား သဘောထားများ ကွဲပြား

မျိုးဆက်ကွာဟမှုကြား မြောက်ကိုရီးယားကို လက်ခံရေးမှာ တောင်ကိုရီးယားတို့ကြား သဘောထားများ ကွဲပြား

ဆိုးလ်၊ ဧပြီ ၂၆ ။           ။ မျိုးဆက်ကွာဟသွားမှုကြားမှာ ဒီမိုကရေစီ ထွန်းကားရာ တောင်ကိုရီးယားက နို်င်ငံသားတွေရဲ့ အမြင်မှာ မြောက်ကိုရီးယားကို လက်ခံရေးဟာ တစ်ချို့က ကြောက်ရွံ့ပူပန်ပြီး တစ်ချို့က ကြိုဆိုပေမယ့် တစ်ချို့ကတော့ မသိကျိုးကျွန်သဘောထားမျိုးထားကြပါတယ်။

မျိုးဆက်ကွာဟချက်နဲ့ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွေကြားက အမြင်သဘောထားအမျိုးမျိုး ရှိနေတာကို အေအက်ဖ်ပီသတင်းဌာနက နယ်ပယ်သုံးရပ်မှ လူသုံးဦးကို မေးမြန်းပြီး စစ်တမ်းထုတ်ယူခဲ့ပါတယ်။

ကိုရီးယားစစ်ပွဲမှ အသက်ရှင်ကျန်ရစ်သူ အင်္ဂလိပ်စာအငြိမ်းစားပါမောက္ခ ဂျီဘွန်းကတော့ ပြံုယမ်းကို ကမ္ဘာ့အကျွမ်းဆုံး လူလိမ်လို့ဆိုပြီး စိုးရိမ်ပူပန်စိတ် ရှိနေသူပါ။

“ဧပြီ ၂၇ ရက်မှာ နှစ်နိုင်ငံ ထိပ်သီးတွေ့ဆုံတဲ့အခါ ကျွန်တော်တို့ရဲ့ သမ္မတ အလိမ်အညာမမိသွားဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်တို့ဟာ မြောက်ကိုရီးယားအတွက် ဝမ် တစ်ဆယ် ထရီယံထက်မနည်း ထောက်ပံ့ပေးခဲ့တယ်။ ဒါပေမယ့် ဒီထောက်ပံ့တာတွေကို နျူကလီးယားလက်နက်အတွက်ပဲ အသုံးပြုပြီး ကျွန်တော်တို့ကို ပြန်ခြိမ်းခြောက်နေတာဖြစ်တယ်။”ဟု အသက် ၈၄ နှစ်ရှိ ဂျီဘွန်းက ဆိုပါတယ်။

နှစ်ဖက်ခေါင်းဆောင်နှစ်ဦး ထိပ်သီးတွေ့ဆုံမယ် ကြားပြီး မျက်ရည်ကျလုမတတ် ဝမ်းသာခဲ့တဲ့ စီးပွားရေးသမား လီဂျောင်ဂျင်းကတော့ မြောက်ကိုရီးယားကို ကြိုဆိုသူပါ။  အသက် ၅၂ နှစ်ရှိ ၁၉၈၀ ခုနှစ်များမှာ ကောလိပ်ကျောင်းသားဖြစ်ခဲ့တဲ့ လီဂျောင်ဂျင်းဟာ “ကျွန်တော်တို့ဟာ လူမျိုးတစ်ခုတည်း ပြည်သူတွေလေ။ နှစ် ရ၀ ခွဲခွာနေခဲ့ရတာ။ ငြိမ်းချမ်းရေးနဲ့ မတူညီမှုများကို ကျော်လွှားရေး ဆွေးနွေးကြဖို့ နှစ်ဖက်စလုံးက ဆန္ဒရှိနေကြပြီ။”ဟု ၎င်းက ပြောပါတယ်။

လူငယ်အသိုင်းအဝန်းမှာတော့ ဟစ်ဟော့ပန်းချီသမား ချောင်ဝန်ယန်းက သတင်းတွေမှာ ခေါင်းကြီးသတင်းဖြစ်နေပေမယ့် သိပ်ဂရုမထားဘူးလို့ ဆိုပါတယ်။

“သတင်းထူးတွေအဖြစ် ကျွန်တော် မြင်ရတွေ့ရတယ်။ ဒါပေမယ့် ကျွန်တော် ကောင်းကောင်း မသိဘူး။ သူတို့ ဘာတွေလုပ်နေလဲ ကျွန်တော် မသိဘူး။”ဟု ချောင်ဝန်ယန်းက ပြောပါတယ်။
“တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားကတော့ ထိပ်သီးဆွေးနွေးတော့မှာလို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် ဒါကို ကျွန်တော် စိတ်မဝင်စားဘူး။”ဟု ၎င်းက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly