အမေရိကန်နဲ့အကြား ကုန်သွယ်ရေးစစ်က ကြွေးမြီ ဖိစီးနေတဲ့ ဒေါ်လာ ၁၄ ထရီလီယံ တရုတ်စီးပွားရေးအတွက် အဓိက ပြဿနာကြီးတစ်ရပ် ဖြစ်လာနိုင်

အမေရိကန်နဲ့အကြား ကုန်သွယ်ရေးစစ်က ကြွေးမြီ ဖိစီးနေတဲ့ ဒေါ်လာ ၁၄ ထရီလီယံ တရုတ်စီးပွားရေးအတွက် အဓိက ပြဿနာကြီးတစ်ရပ် ဖြစ်လာနိုင်

 ဧပြီ ၂၆ ။            ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း တရုတ်အပေါ် ကုန်သွယ်ခွန် ချမှတ်မှုနဲ့ပတ်သက်လို့ အခြေအတင်အနေအထားတွေ ထပ်မံ ပေါ်ပေါက်လာခြင်း မရှိပေမယ့်လည်း အမေရိကန်နဲ့ တရုတ်အကြား ကုန်သွယ်ရေးစစ်ဖြစ်နိုင်တဲ့ အလားအလာကတော့ လက်ရှိအချိန်ထိ ပျောက်ကွယ်သွားခြင်း မရှိသေးပါဘူး။

ဧပြီ ၁၈ ရက်တုန်းက တရုတ်ဘက်က sorghum သီးနှံတစ်မျိုးအပေါ် အခွန်အကောက်တွေ ချမှတ်ခဲ့ရာမှာတော့  အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ကလည်း  တရုတ်အပေါ် ဒေါ်လာ ဘီလီယံ ၁၅၀ တန်ဖိုးရှိ ကုန်စည်တွေအပေါ် အခွန်အကောက်တွေ ချမှတ်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။

အကယ်၍များ အမေရိကန်ကုန်သွယ်ရေးစစ်များ အမှန်တကယ် ပေါ်ပေါက်လာခဲ့မယ်ဆိုရင်တော့ တရုတ်ရဲ့ စီးပွားရေး တိုးတက်မှုအလားအလာတွေအပေါ် သိသိသာသာ အနုတ်ဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တော့မှာဖြစ်ပါတယ်။

တရုတ်အနေနဲ့ ပြီးခဲ့တဲ့ နှစ်တွေအတွင်း နိုင်ငံစီးပွားရေးတိုးတက်မှုအတွက် နိုင်ငံသားတွေအပေါ် မှီခိုပြီး အတွင်းဘက်လှည့်တဲ့ မူဝါဒရှိခဲ့ပေမယ့် ယင်းနိုင်ငံအနေနဲ့ နှစ်စဉ်နှစ်တိုင်း ဒေါ်လာဘီလီယံနဲ့ ချီတဲ့ ကုန်စည်နဲ့ ၀န်ဆောင်မှုတွေကိုတော့ ပြည်ပကို ဆက်လက်တင်ပို့နေရဆဲ ဖြစ်ပါတယ်။

ယမန်နှစ်ကဆိုရင် အမေရိကန်ဆီ ဒေါ်လာ ၅၀၆ ဘီလီယံတန်ဖိုးရှိ ကုန်စည်တွေ တင်ပို့ရောင်းချထားခဲ့ရပါတယ်။ ဒါဟာ ယင်းရဲ့ စုစုပေါင်း ပြည်ပပို့ကုန်ရဲ့ ၂၀ ရာခိုင်နှုန်း နီးပါး ပမာဏလည်း ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာတော့ အမေရိကန်ဘက်ကတော့ တရုတ်ဆီ ဒေါ်လာ ၁၃၀ ဘီလီယံဖိုး ပို့ကုန်တွေ တင်ပို့ထားခဲ့ရပါတယ်။

တကယ်လို့မျိုး အမေရိကန်နဲ့ အကြား ကုန်သွယ်ရေးစစ် သာ ဆက်ဖြစ်လာခဲ့မယ်ဆိုရင်တော့ တရုတ်ရဲ့ ဂျီဒီပီ တိုးတက်မှုဟာ ၀ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားတော့မှာဖြစ်ပြီး အခြေအနေတွေ တင်းမာလာတာနဲ့အမျှ ကျဆင်းမှုတွေ ဆက်လက်ဖြစ်ပေါ်လာလိမ့်မယ်လို့ IMF က သတိပေးသွားပါတယ်။

ပြီးခဲ့တဲံ ဇန်နဝါရီလတုန်းက နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က တရုတ်စီးပွားရေးတိုးတက်မှုကို ၆ ဒသမ ၆ ရာခိုင်နှုန်း ရှိမယ်ဆိုပြီး ခန့်မှန်းထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယခုအခါမှာတော့ ယင်းနိုင်ငံအပေါ် အခွန်အကောက်တွေ ချမှတ်မှုတွေကြောင့် တိုးတက်မှုနှုန်း ၀ ဒသမ ၅ ရာခိုင်နှုန်းလျော့ကျနိုင်တယ်လို့ ပြင်ဆင်ခန့်မှန်းသွားပါတယ်။ အလားတူ ကမ္ဘာ့ကုန်သွယ်ရေး စစ်သာ အရှိန်မြင့်လာခဲ့မယ်ဆိုရင် ယင်းရဲ့ စီးပွားရေးတိုးတက်မှုနှုန်းကတော့ ထပ်ပြီးတော့တောင် အရှိန်နှေးကွေးသွားနိုင်တယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ တရုတ်တို့ရဲ့ ကြွေးမြီပမာဏနဲ့ ဂျီဒီပီ အချိုးဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်က ၁၆၀ ရာခိုင်နှုန်း သာရှိခဲ့ရာကနေ ၃၀၀ ရာခိုင်နှုန်းကျော်ထိ ထိုးတက်သွားခဲ့ပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

ယင်းအတွက်ကြောင့်လည်း လက်ရှိအချိန်မှာဆိုရင် ပေါက်ကွဲဖို့ ရှိနေတဲ့ ဘဏ္ဍာရေးကဏ္ဍ debt bubble တစ်ရပ် ဖြစ်မှုနဲ့ပတ်သက်လို့လည်း တရုတ်တာဝန်ရှိသူတွေက သတိပေးမှုတွေ ထုတ်ထားရပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required