ထိန်ပင်အမှိုက်ပုံမီးခိုးငွေ့များကြောင့် ဆေးကုသမှုခံနေသူ ၃၈ ဦးရှိပြီး လူသေဆုံးမှု မရှိ

ထိန်ပင်အမှိုက်ပုံမီးခိုးငွေ့များကြောင့် ဆေးကုသမှုခံနေသူ ၃၈ ဦးရှိပြီး လူသေဆုံးမှု မရှိ
ဓာတ်ပုံ - သူရ/ မဇ္ဈိမ

 

ဧပြီ ၂၆။      ။ လှိုင်သာယာ ထိန်ပင်အမှိုက်ပုံမီးလောင်မှုမှ ထွက်ပေါ်လာသော မီးခိုးငွေ့များကြောင့် ဆေးရုံသို့လာရောက် ဆေးကုသမှုခံယူသော လူနာစုစုပေါင်း ဧပြီ ၂၃ မှ ၂၆ရက်အထိ အတွင်းလူနာ ၁၉ ဦးနှင့် ပြင်ပလူနာ ၁၉ ဦး ရှိပြီး လူသေဆုံးမှု မရှိကြောင်း သိရသည်။

လူသေဆုံးမှုရှိသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းအပေါ် သေဆုံးခြင်းမရှိကြောင်း လှိုင်သာယာ ပြည်သူ့ ဆေးရုံကြီး ဆေးရုံအုပ်ကြီးက ဒေါက်တာဆန်းလွင်ဦးက ဧပြီလ ၂၆ ရက်တွင် ပြောသည်။

“ပြည်သူ့ဆေးရုံကြီး(လှိုင်သာယာ)ကို ရောက်လာတဲ့အထဲမှာ ယနေ့အထိ ဆေးရုံတင်ကုသသူ ၁၉ ဦးလုံး သေဆုံးခြင်း မရှိပါဘူး။ ပြင်ပလူနာအနေနဲ့ ကုသသူ ၁၉ ယောက် မှာလည်း ကောင်းမွန်စွာပြန်သွားနိုင်ပါတယ်။ ဒါအပြင် မီးငြိမ်းသတ်ရာမှ မီးသတ်ရဲဘော်တစ်ယောက် မီးနင်းမိပြီး ဘယ်ဘက်ခြေထောက် ဒဏ်ရာရသွားတာ ကိုလည်း ဒီနေ့မနက် ဆေးရုံကုသဆောင်မှာ အထူးကုဆရာဝန်ကြီးတွေက ဆက်လက်ကုသမှုပေးနေတယ် စိုး ရိမ်စရာတော့မရှိပါဘူး။ ဒါတွေကတော့လတ်တလော ကုသရေးဆေးရုံပိုင်းက ရရှိပြီး သိရှိရတဲ့ သတင်းအမှန် ဖြစ်ပါတယ်” ဟု ဒေါက်တာဆန်းလွင်ဦးကပြောသည်။

ဧပြီ ၂၃ ရက်မှ ၂၆ ရက်အထိ လှိုင်သာယာပြည်သူ့ဆေးရုံသို့လာရောက်ကုသူ အတွင်းလူနာ စုစုပေါင်း ၁၉ ဦးအနက် ၄ ဦး ကို ဆေးရုံမှဆင်းခွင့်ပြုပြီး တစ်ဦးမှာ အဆုတ်လေအိတ်ပေါက်သည့် နဂိုရောဂါအခံ ရှိသည့်အတွက် ကုသမှု ခံယူနိုင်ရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကျန်ရှိအတွင်းလူနာ ကျား ၆ ဦး၊ မ ၈ ဦး စုစုပေါင်း ၁၄ ဦး အခြေအနေကောင်းမွန်လျက်ရှိပြီး ပြင်ပလူနာအနေဖြင့် စုစုပေါင်း ကျား ၄ ဦး၊ မ ၁၅ ဦး စုစုပေါင်း ၁၉ ဦး လာရောက်ကုသကြောင်း သတင်းရရှိ သည်။

လာရောက်ကုသမှုခံယူသူအများစုမှာ နှလုံးရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ရောဂါ၊ အသက်ရှူကြပ်တတ် သော ရောဂါအခံရှိသူတွေ လာရောက်ကုသခံယူမှုများကြောင်း သတင်းရရှိသည်။

လှိိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံမီးလောင်မှုသည် ဧပြီ ၂၁ ရက်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဧပြီ ၂၆ ရက်အထိ ဆက်လက် ငြိမ်းသတ်လျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly