မြန်မာပြည်ခြေစမ်းခရီးစဉ်နဲ့ပတ်သက်ပြီး လိဒ်အသင်းပိုင်ရှင် ကာကွယ်ပြောဆို

မြန်မာပြည်ခြေစမ်းခရီးစဉ်နဲ့ပတ်သက်ပြီး လိဒ်အသင်းပိုင်ရှင် ကာကွယ်ပြောဆို

 

ဧပြီ ၂၆၊ လိဒ်စ်။                  ။ လိဒ်ယူနိုက်တက်အသင်းရဲ့ မြန်မာပြည်ခြေစမ်းခရီးစဉ်အပေါ် ကန့်ကွက်မှုတွေကြံုတွေ့နေရတာနဲ့ပတ်သက်ပြီး လိဒ်အသင်းပိုင်ရှင် အန်ဒရီယာ ရက်ဒရစ်ဇန်နီက ကာကွယ်ပြောဆိုခဲ့ပါတယ်။

ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်အသင်းအနေနဲ့ ဒီခရီးစဉ်ကိုဖျက်သိမ်းသင့်တယ်လို့ တိုက်တွန်းခံနေရပြီး ဗြိတိန် အတိုက်အခံ ပါတီ အားကစားဝန်ကြီး ရိုစီနာ အယ်လင်ခန်း Rosena Allin-Khan က ကိုယ်ကျင့်တရားပျက်ယွင်းမှုလို့ ဖော်ပြခဲ့သလို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့ကလည်း မေးခွန်းထုတ်ထားပါတယ်။

ဒါပေမဲ့ ပရိသတ်တွေအတွက် အသင်းပိုင်ဝက်ဘ်ဆိုက်မှာတင်ထားတဲ့ အိတ်ဖွင့်ပေးစာမှာတော့ ရက်ဒရစ်ဇန်နီက သူ့အနေနဲ့ မြန်မာနိုင်ငံကို အကြိမ်ကြိမ်သွားရောက်လည်ပတ်ခဲ့ဖူးကြောင်းနဲ့ သူ့နှလုံးသားထဲစွဲဝင်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်လို့ ပြောဆို ခဲ့ပါတယ်။

အခကြေးငွေအတွက် သွားရောက်ကစားတာမဟုတ်ဘဲ ဒေသတွင်းဘောလုံးကိုအားပေးထောက်ခံဖို့အတွက်နဲ့ အရှေ့တောင် အာရှမှာ အလျှင်အမြန်ဖွံ့ဖြိုးလာနေတဲ့နိုင်ငံမှာ လိဒ်ယူနိုက်တက်အသင်းရဲ့နာမည်ကို မိတ်ဆက်ပေးချင်လို့ ဖြစ်တယ်လို့ ရက်ဒရစ်ဇန်နီက ဆိုပါတယ်။

ရက်ဒရစ်ဇန်နီက “ဒီခရီးစဉ်က ကျွန်တော်တို့သွားမယ့် နိုင်ငံတွင်းလူ့အသိုင်းအဝိုင်းမှာ အပြုသဘောဆောင်တဲ့ သက်ရောက်မှုရှိ စေလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဆုံးဖြတ်ချက်ကို သေချာဂရုတစိုက်ချမှတ်ခဲ့ရတာဖြစ်ပြီး အငြင်းပွားစရာတွေရှိလာနိုင်တယ်လို့လည်း သိပါတယ်။ ဒါပေမဲ့ ဒီခရီးက ပြည်သူ့အတွက်ပါ။ အစိုးရအတွက်မဟုတ်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

လိဒ်ယူနိုက်တက်အသင်းဟာ မေ ၉ ရက်မှာ MNL All Stars အသင်းနဲ့ ရန်ကုန်မြို့ သုဝဏ္ဏကွင်း၊ မေ ၁၁ မှာ မြန်မာလက်ရွေးစင် အသင်းနဲ့ မန္တလေးမြို့ မန္တလာသီရိကွင်းတွေမှာ ခြေစမ်းပွဲလာကစားမှာပါ။

ကွင်းဝင်ကြေးကိုတော့ ကျပ် ၄၀၀၀၊ ၃၀၀၀ နဲ့ ၂၀၀၀ သာသတ်မှတ်ထားပါတယ်။

Ref; ESPN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly