စျေးနှုန်းမြင့်တက်လာမှုကို ဆန္ဒပြသည့်အနေဖြင့် အာဂျင်တီးနားမုန့်ဖုတ်သမားများ ပေါင်မုန့် ၅ တန်ကို အခမဲ့ဝေ

စျေးနှုန်းမြင့်တက်လာမှုကို ဆန္ဒပြသည့်အနေဖြင့် အာဂျင်တီးနားမုန့်ဖုတ်သမားများ ပေါင်မုန့် ၅ တန်ကို အခမဲ့ဝေ

 

ဗြူနိုအေးရိစ်၊ အာဂျင်တီးနား၊ ဧပြီ ၂၆ ။                         ။ အာဂျင်တီးနားနိုင်ငံ ဗြူနိုအေးရိစ်မြို့မှ မုန့်ဖုန်သမားများသည် လျှပ်စစ်မီး၊ရေနှင့် အသုံးဝန်ဆောင်မှုလုပ်ငန်းများ အတွက်   စျေးနှုန်းကောက်ခံမှုမြင့်မားလာခြင်းကို ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် ပေါင်မုန့်တန်ချိန် ၅ တန်ခန့်ကို ဥပဒေပြုလွှတ်တော်အရှေ့တွင် ဗုဒ္ဓဟူးနေ့က အခမဲ့ဝေပစ်ခဲ့ကြသည်။

“ဒါဟာ အာဂျင်တီးနားမှာရှိတဲ့ မုန့်ဖုတ်သမား ၄၀၀၀၀ ခန့်ဟာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတာကို အမှတ် အသားတစ်ခုအနေနဲ့ ပြသချင်တာပဲဖြစ်ပါတယ်။ စျေးနှုန်းတွေမြင့်တက်လာမှုကြောင့် ပုံမှန်အတိုင်း လည်ပတ်နိုင် ခြင်းမရှိတဲ့ မုန့်ဖုတ်ဆိုင်တွေဟာ တရားဝင်မဟုတ်ပဲ အလုပ်လုပ်ကိုင်နေရပါတယ်။ ပြတင်းတံခါးတွေကိုပိတ်ပြီး တော့ အခွန်အခတိမ်းရှောင်ပြီး တရားဝင်မဟုတ်တဲ့ စီးပွားရေးထဲမှာ သွားလုပ်နေရပါတော့တယ်” ဟု ENAC စီးပွားရေးအသင်းအဖွဲ့မှ ဥက္ကဌဖြစ်သူ လီယို ဘီလန်စကီးက ပြောခဲ့သည်။

မုန့်ဖုတ်သမား ရာပေါင်းများစွာသည် အာဂျင်တီးနားလွှတ်တော်နှင့် မျက်နှာချင်းဆိုင်ရှိ ပလာဇာအရှေ့တွင် ပေါင်မုန့်များကို အလကားဝေငှပေးခဲ့ပြီး လူအများက ပေါင်မုန့်တစ်ကီလိုခန့်ကို ရရှိရန်အတွက် နာရီဝက်ခန့် တန်းစီခဲ့ကြရသည်။

ဆန္ဒပြသူများက အောက်လွှတ်တော်အား လက်ရှိအချိန်တွင်မြင့်တက်လာသော ၀န်ဆောင်မှုစျေးနှုန်းအဖိုးအခ များနှင့်ပက်သက်၍ အရေးပေါ်စျေးနှုန်းအဖြစ်သတ်မှတ်ပေးရန်နှင့် လွန်ခဲ့သော ၂၀၁၇ခုနှစ်က စျေးနှုန်းအဆင့် ကို ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြသည်။

အာဂျင်တီးနားသမ္မတ မော်ရီစီယိုမက်ခရီ၏အစိုးရအဖွဲ့သည် ဓာတ်ငွေ့၊ လျှပ်စစ်၊ ရေသုံးစွဲမှုနှင့် ယာဉ်စီးခနှုန်း ထားများအတွက် ထောက်ပံ့ငွေများပေးကာ ဘတ်ဂျက်လိုငွေပြမှုကို လျှော့ကျသွားအောင် ဆောင်ရွက်ခဲ့သော် လည်း ယင်းလုပ်ဆောင်ချက်ကြောင့် ငွေကြေးဖောင်းပွမှုနှုန်းသာ တလိပ်လိပ်တက်လာခဲ့ရသည်။

မုန့်ဖုတ်သမားများက ၄င်းတို့၏အဓိကပါ၀င်ပစ္စည်းဖြစ်သော ဂျံုစျေးနှုန်းသည် ပြီးခဲ့သော ၂ပတ်အတွင်း ၁၀၀ ရာခိုင်နှုန်းကျော်ခန့် စျေးမြင့်တက်သွားသောကြောင့် ယခုလိုဆန္ဒပြနေရခြင်းဖြစ်သည်ဟုလည်း ပြောခဲ့သည်။ ဒါ့အပြင် လျှပ်စစ်နှင့် ရေသုံးစွဲခများသည် ၃နှစ်အတွင်း ၁၂၂ ဒေါ်လာမှ ၁၂၂၂ ဒေါ်လာသို့ မြင့်တက်သွားသည့် အတွက် မုန့်ဖုတ်ဆိုင်ပိုင်ရှင်များက ငြီးတွားနေကြခြင်းဖြစ်သည်။

“မုန့်ဖုတ်ဆိုင်တွေကို ကောင်းမွန်တဲ့အခြေအနေမှာထားရှိဖို့က မဖြစ်နိုင်တော့ပါဘူး။ ဘယ်လိုပဲကြိုးပမ်းကြိုးပမ်း မဖြစ်နိုင်တော့ပါဘူး။ ကုန်ကျစရိတ်က အဆမတန်မြင့်မားနေပါတယ်” ဟု ဗြူနိုအေးရိစ်မြို့ရှိ မုန့်ဖုတ်ဆိုင်ပိုင်ရှင် ဖြစ်သူ ဂွန်ဇာလိုဘာရာဂန်က ငြီးတွားပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly