ကရင်နီ KNPP နှင့် ငြိမ်းချမ်းရေးကော်မရှင် တို့ လွိုင်ကော်တွင် တရားဝင်ဆွေးနွေးပွဲ ပြုလုပ်မည်

ကရင်နီ KNPP နှင့် ငြိမ်းချမ်းရေးကော်မရှင် တို့ လွိုင်ကော်တွင် တရားဝင်ဆွေးနွေးပွဲ ပြုလုပ်မည်
ကယားပြည်နယ် လွိုင်ကော်မြို့ မြင်ကွင်းများ။ ဓာတ်ပုံ-ဒေါင်းလူ

ရန်ကုန်၊ ဧပြီ ၂၅ ။        ။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) မှ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကော်မတီ (PNC) နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှ ငြိမ်းချမ်းရေးကော်မရှင် (PC) တို့ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် တရားဝင်ဆွေးနွေးပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နှစ်ဖက် တရားဝင်ဆွေးနွေးပွဲကို ဧပြီလ ၂၆ ရက်နေ့ မှ ၂၇ ရက်နေ့အထိ ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်တို့တ ွင် KNPP နှင့် အစိုးရတို့အကြားချုပ်ဆိုခဲ့သော နှစ်ဖက် သဘောတူညီချက်များကို ဆက်လက် အကောင်အထည်ဖော်နိုင်ရန်အတွက်   ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

KNPP အနေဖြင့် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်တို့တွင် ချုပ်ဆိုခဲ့သော နှစ်ဖက်သဘောတူညီချက် များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန်အတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ ခြင်း ဖြစ်သည်။

ထို့ပြင် ပြည်နယ်အဆင့်နှင့် ဒေသအဆင့်ပူးတွဲစောင့်ကြည့်ရေးကိစ္စများ၊ လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့် လေ့လာရေးအဖွဲ့ကိစ္စများ၊ လူမှုရေးကူညီထောက်ပံ့မှုကိစ္စများ၊ ပြည်နယ်အတွင်း INGO နှင့် NGOများလုပ်ငန်း ဆောင်ရ ွက်မှုကိစ္စများ၊ မူးယစ်ဆေးဝါး၊ သစ်တောပြုန်းတီးမှုနှင့် လူကုန်ကူးမှုကိစ္စများကိုလည်း ဆွေးနွေးချက်များထဲတွင်ပါ၀င်မည်ဖြစ်ကြောင်း UNFC မှထုတ်ပြန်သည်။

ပြည် နယ်နှင့်ပြည်ထောင်စုအဆင့်များတွင် ဆက်ဆံရေးတာဝန်ခံများ ပြန်လည်ထားရှိရေးကိစ္စများနှင့် တပ်ပိုင်းဆိုင်ရာကိစ္စများကို ဆွေးနွေးသွားမည်ဖြစ်သည်။

KNPP ၏ ဖိတ်ခေါ်ချက်အရ ပြည်နယ်အတွင်းရှိ ဒေသခံနိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ အရပ်ဖက်လူမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်များနှင့် NCA အားလက်မှတ်ရေးထိုးထားပြီးသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည်လည်း လေ့လာသူအဖြစ် တက်ရောက်ကြမည်ဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required