သဘောထားထုတ်ပြန်ချက်လက်မခံပါက ရသေ့တောင်လူငယ်ကိုယ်စားလှယ်များ ညီလာခံ တက်ရောက်မည်မဟုတ်ဟု ဆို

သဘောထားထုတ်ပြန်ချက်လက်မခံပါက ရသေ့တောင်လူငယ်ကိုယ်စားလှယ်များ ညီလာခံ တက်ရောက်မည်မဟုတ်ဟု ဆို
ဓာတ်ပုံ - အေးချမ်းခိုင်

 

ဧပြီ ၂၅။     ။ အချက်သုံးချက်ပါ သဘောထားထုတ်ပြန်ချက်ကို လက်ခံခြင်းမရှိပါက ရခိုင်လူငယ်ညီလာခံ (တောင်ကုတ်မြို့) တွင် ကျင်းပပြုလုပ်မည့် ညီလာခံကို တက်ရောက်မည်မဟုတ်ကြောင်း ရခိုင်လူငယ်ညီလာခံ ဖြစ်မြောက်ရေး မြို့နယ်ကော်မတီ(ရသေ့တောင်မြို့နယ်) အဖွဲ့ဝင်တစ်ချို့ထံမှ သတင်းရရှိသည်။

 “သဘောထားထုတ်ပြန်ရတာက အခုလုပ်မယ့်ညီလာခံက ပွင့်လင်းမြင်သာမှုမရှိဘူးလို့ထင်တယ်။ သဘောထား ထုတ်ပြန်ချက်မှာ အချက်သုံးချက်ပါတယ်။ အခုထုတ်ပြန်တဲ့ အချက်သုံးချက်မှာ နှစ်ချက်လောက် လက်ခံမယ် ဆိုရင်တောင် တက်သွားမယ်။ ဒါပေမယ့် သဘောထားထုတ်ပြန်တာကိုလက်မခံဘူးဆိုရင် တက်ရောက်မှာ မ ဟုတ်ဘူး” ဟု ရခိုင်လူငယ်ညီလာခံဖြစ်မြောက်ရေး မြို့နယ်ကော်မတီ(ရသေ့တောင်မြို့နယ်)မှ ကိုနိုင်ဝင်းချေက ပြောသည်။

မေ ၁ ရက်မှ ၅ ရက်အထိ တောင်ကုတ်မြို့တွင် ကျင်းပပြုလုပ်မည့် ရခိုင်လူငယ်ညီလာခံသို့ ရသေ့တောင် မြို့နယ်လူငယ်ကိုယ်စားလှယ် များ တက်ရောက် သင့်/ မသင့် ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်လူငယ်ညီလာခံ ဖြစ်မြောက်ရေး မြို့နယ်ကော်မတီဝင် ၅ဦး အပါအဝင် မြို့နယ်အတွင်းအဖွဲ့အစည်းများနှင့် တက်ကြွလူငယ်များ မျက်နှာစုံညီအစည်းအဝေးပြုလုပ်ပြီး သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဧပြီလ ၂၂ ရက်စွဲ၊သဘောထားထုတ်ပြန်ချက်တွင် ညီလာခံနှင့် ပတ်သက်ပြီး လုပ်ဆောင်ချက်အရပ်ရပ်ကို မာန်အောင်လူငယ် ညီလာခံ အကြိုတွေ့ဆုံပွဲမှှ ထွက်ပေါ်လာသော ဦးဆောင်ကောင်မတီ(၁၂)ဦးနှင့် နိုင်ငံရေးအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ အရပ်ဖက်လူမှုဖွဲ့အစည်းခေါင်းဆောင်များ အစုံအလင်ဖြင့် လူထုတွေ့ဆုံပွဲ တစ်ရပ်ကျင်းပပေးရန်တို့ ပါရှိသည်။

ထို့အပြင် ညီလာခံကျင်းပရေးအတွက် ဆောင်ရွက်ရာတွင် ရခိုင်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များနှင့် တသီး ပုဂ္ဂလ ပူးပေါင်းပါ၀င်သူများ၊ တတ်သည့်ပညာရှင်များအားလုံး ပါ၀င်ရေးမူဖြင့် ညီလာခံအထောက်ကူပြု အဖွဲ့ အသီးသီးဖွဲ့စည်းပေးရန်နှင့် ရခိုင်ညီလာခံ(မာန်အောင်မြို့)တွင် ကျင်းပခဲ့သော ဆုံးဖြတ်ချက် ပီပြင်စွာ အထောင်အထည်ဖော်ရန် စသည်တို့ကို သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ရခိုင်လူငယ်ညီလာခံတွင် လူငယ်နှင့် နိုင်ငံရေး၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့်အလုပ်ကိုင်အခွင့်အလမ်းဆိုသော ကျောရိုးမဏ္ဍိုင်ကြီး ခေါင်းစဉ် ၄ ခုဖြင့် လူငယ်များ စုပေါင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း ညီလာခံဖော်ဆောင်ရေးအဖွဲ့က ပြောထားပြီး ရခိုင်လူငယ် အကြိုညီလာခံ တစ်ရပ်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ မာန်အောင်မြို့နယ်တွင် ကျင်းပခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required