ထိန်ပင်အမှိုက်ပုံအနီးရပ်ကွက်များတွင် စည်ပင်မှလေထုအရည်အသွေးတိုင်းတာနေ

ထိန်ပင်အမှိုက်ပုံအနီးရပ်ကွက်များတွင် စည်ပင်မှလေထုအရည်အသွေးတိုင်းတာနေ
ဓာတ်ပုံ - AFP

 

ရန်ကုန်၊ ဧပြီ ၂၅ ။               ။ မီးလောင်ကျွမ်းနေဆဲ လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံအနီးရပ်ကွက်များတွင် ရန်ကုန်မြို့နယ်တော် စည်ပင်သာယာရေးကော်မတီမှနေ၍ လေထု အရည်အသွေး တိုင်းတာနေကြောင်း YCDC ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒုတိယညွှန် ကြားရေးမှူး ဒေါက်တာအောင်မြင့်မော် က မဇ္စျိမသို့ ပြောသည်။

မီးလောင်ကျွမ်းနေသည့် အမှိုက်ပုံအနီး လှိုင်သာယာမြို့နယ်ထဲရှိ ၂၀ ရပ်ကွက်၊ ၁၈ ရပ်ကွက်၊ ၁၅ ရပ်ကွက်၊ ၁၂ ရပ်ကွက် နှင့် ထိန်ပင်အမှိုက်ပုံနေရာတို့တွင် လေထုအရည်အသွေး တိုင်းတာခြင်းများ ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။

“ စုစုပေါင်း ၅ နေရာမှာ မပြီးသေးဘူးဗျတိုင်းနေဆဲပဲရှိသေးတယ်။ အဖြေကတော့ နောက်နှစ်ရက်လောက်မှ ထွက်လိမ့်မယ်ဗျ” ဟု ဒေါက်တာအောင်မြင့်မော်က ပြောသည်။

အဆိုပါ လေထုအရည်အသွေးတိုင်းတာနေသည့်နေရာများမှာ မီးခိုးအများဆုံးရှိတဲ့နေရာ များလည်းဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

သို့သော် စိမ်းလန်းအမိမြေ ဖွံဖြိုးတိုးတက်ရေးအသင်းမှ ထိန်ပင်အမှိုက်ပုံနှင့် မီတာ ၁၀၀ အကွာ ရှိ YCDC အသားထုတ်လုပ်ရေးရုံးရှေ့မှနေ၍ ဧပြီ၂၄ ရက် စစ်ဆေးတွေ့ရှိချက်များအရ “ အခြေအနေအတော် ဆိုးတာတွေ့ရပါတယ် ” ဟု အဆိုပါအဖွဲ့မှတာဝန်ရှိသူ ဦးဝင်းမျိုးသူက ပြောဆိုထားသည်။

အမှိုက်ပုံမီးလောင်ခြင်းသည် သဘာဝဘေးတစ်ခု ဖြစ်ပြီး အမှိုက်ပုံမှနေ၍ မီသိန်းဓာတ်ငွေ့ထွက်ရာမှ လေအပူချိန်၊ နေအပူချိန်များကြောင့် မီးစထွက်ပြီး မီသိန်းဓာတ်ငွေ့ကို   လောင်ကျွမ်းခြင်းဖြစ်ကြောင်း   ဒေါက်တာအောင်မြင့်မော်က သူ့၏ လူမှုကွန်ရက်ဖြစ်သည့် Facebook တွင်လည်း ရေးသားထားသည်။

ရန်ကုန် မြောက်ပိုင်းခရိုင်ရှိ ထိန်ပင်အမှိုက်ပုံမှ မီးခိုးညှော်နံ့များသည် ဧပြီ လ ၂၄ ရက်နေ့ ညနေပိုင်းခန့်မှ ရန်ကုန်မြို့တွင်းမြို့နယ်များဖြစ်သော စမ်းချောင်း၊ အလုံ၊ လမ်းမတော်၊ လသာ၊ပုဇွန်တောင် ၊ရန်ကင်း၊ တာမွေ၊ ဗဟန်း ၊ သာကေတ ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွှန့် စသည့် မြို့နယ်များအထိ ပျံ့နှံ့လျှက် ရှိသည်။

မီး​လောင်​မှုကြောင့် မီးခိုးများ ပျံ့နှံ့ခဲ့ပြီးနောက် ကျန်​းမာ​ရေးနှင်​့အားကစားဝန်​ကြီးဌာနမှ မီးခိုး၊ ကာဘွန်​မို​နောက်​ဆိုဒ်​နှင်​့ပတ်​သက်သည့် သတ်ိ​ပေးချက်​ကို ဧပြီလ ၂၄ရက်​ ည ၉နာရီ ၄၅မိနစ်​အချိန်​ခန်​့၌ ထုတ်​ပြန်​ခဲ့သည်​။

၄င်​းမီးခိုး​ငွေ့များ​ကြောင်​့ နှလုံး​ရောဂါ၊ အသက်​ရှုလမ်​း​ကြောင်​း​ရောဂါ၊ အဆုတ်​​ရောဂါအခံရှိသူများ၊ သက်​ကြီးရွယ်​အို၊ က​လေးသူငယ်​နှင်​့ ကိုယ်​ဝန်​​ဆောင်​မိခင်​များတွင်​ ကျန်​းမာ​ရေးထိခိုက်​မှု ပိုမိုခံစားရနိုင်​သည်​ဟု ​သတိပေးထားသည်​။

မီးခိုး​ငွေ့​ကြောင်​့ ​ချောင်​းဆိုးခြင်​း၊ ယားယံခြင်​း၊ မျက်​စိစပ်​ခြင်​း၊ မျက်​ရည်​ယိုခြင်​း၊ နှာ​စေးခြင်​း၊ ​ခေါင်​းကိုက်​ခြင်​း တို့ဖြစ်​နိုင်​​ကြောင်​း ကျန်​းမာ​ရေးနှင့် အားကစားဝန်​ကြီးဌာနမှ ထုတ်​ပြန်​ခဲ့သည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly