ရန်ကုန်၊ ဧပြီ ၂၅ ။ ။ မီးလောင်ကျွမ်းနေဆဲ လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံအနီးရပ်ကွက်များတွင် ရန်ကုန်မြို့နယ်တော် စည်ပင်သာယာရေးကော်မတီမှနေ၍ လေထု အရည်အသွေး တိုင်းတာနေကြောင်း YCDC ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒုတိယညွှန် ကြားရေးမှူး ဒေါက်တာအောင်မြင့်မော် က မဇ္စျိမသို့ ပြောသည်။
မီးလောင်ကျွမ်းနေသည့် အမှိုက်ပုံအနီး လှိုင်သာယာမြို့နယ်ထဲရှိ ၂၀ ရပ်ကွက်၊ ၁၈ ရပ်ကွက်၊ ၁၅ ရပ်ကွက်၊ ၁၂ ရပ်ကွက် နှင့် ထိန်ပင်အမှိုက်ပုံနေရာတို့တွင် လေထုအရည်အသွေး တိုင်းတာခြင်းများ ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။
“ စုစုပေါင်း ၅ နေရာမှာ မပြီးသေးဘူးဗျတိုင်းနေဆဲပဲရှိသေးတယ်။ အဖြေကတော့ နောက်နှစ်ရက်လောက်မှ ထွက်လိမ့်မယ်ဗျ” ဟု ဒေါက်တာအောင်မြင့်မော်က ပြောသည်။
အဆိုပါ လေထုအရည်အသွေးတိုင်းတာနေသည့်နေရာများမှာ မီးခိုးအများဆုံးရှိတဲ့နေရာ များလည်းဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။
သို့သော် စိမ်းလန်းအမိမြေ ဖွံဖြိုးတိုးတက်ရေးအသင်းမှ ထိန်ပင်အမှိုက်ပုံနှင့် မီတာ ၁၀၀ အကွာ ရှိ YCDC အသားထုတ်လုပ်ရေးရုံးရှေ့မှနေ၍ ဧပြီ၂၄ ရက် စစ်ဆေးတွေ့ရှိချက်များအရ “ အခြေအနေအတော် ဆိုးတာတွေ့ရပါတယ် ” ဟု အဆိုပါအဖွဲ့မှတာဝန်ရှိသူ ဦးဝင်းမျိုးသူက ပြောဆိုထားသည်။
အမှိုက်ပုံမီးလောင်ခြင်းသည် သဘာဝဘေးတစ်ခု ဖြစ်ပြီး အမှိုက်ပုံမှနေ၍ မီသိန်းဓာတ်ငွေ့ထွက်ရာမှ လေအပူချိန်၊ နေအပူချိန်များကြောင့် မီးစထွက်ပြီး မီသိန်းဓာတ်ငွေ့ကို လောင်ကျွမ်းခြင်းဖြစ်ကြောင်း ဒေါက်တာအောင်မြင့်မော်က သူ့၏ လူမှုကွန်ရက်ဖြစ်သည့် Facebook တွင်လည်း ရေးသားထားသည်။
ရန်ကုန် မြောက်ပိုင်းခရိုင်ရှိ ထိန်ပင်အမှိုက်ပုံမှ မီးခိုးညှော်နံ့များသည် ဧပြီ လ ၂၄ ရက်နေ့ ညနေပိုင်းခန့်မှ ရန်ကုန်မြို့တွင်းမြို့နယ်များဖြစ်သော စမ်းချောင်း၊ အလုံ၊ လမ်းမတော်၊ လသာ၊ပုဇွန်တောင် ၊ရန်ကင်း၊ တာမွေ၊ ဗဟန်း ၊ သာကေတ ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွှန့် စသည့် မြို့နယ်များအထိ ပျံ့နှံ့လျှက် ရှိသည်။
မီးလောင်မှုကြောင့် မီးခိုးများ ပျံ့နှံ့ခဲ့ပြီးနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ မီးခိုး၊ ကာဘွန်မိုနောက်ဆိုဒ်နှင့်ပတ်သက်သည့် သတ်ိပေးချက်ကို ဧပြီလ ၂၄ရက် ည ၉နာရီ ၄၅မိနစ်အချိန်ခန့်၌ ထုတ်ပြန်ခဲ့သည်။
၄င်းမီးခိုးငွေ့များကြောင့် နှလုံးရောဂါ၊ အသက်ရှုလမ်းကြောင်းရောဂါ၊ အဆုတ်ရောဂါအခံရှိသူများ၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များတွင် ကျန်းမာရေးထိခိုက်မှု ပိုမိုခံစားရနိုင်သည်ဟု သတိပေးထားသည်။
မီးခိုးငွေ့ကြောင့် ချောင်းဆိုးခြင်း၊ ယားယံခြင်း၊ မျက်စိစပ်ခြင်း၊ မျက်ရည်ယိုခြင်း၊ နှာစေးခြင်း၊ ခေါင်းကိုက်ခြင်း တို့ဖြစ်နိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။