ပါကစ္စတန်၌ အသေခံဗုံးခွဲတိုက်ခိုက်မှု ၃ ခုကြောင့် ရဲ ၆ဦးထက်မနည်း သေဆုံး

ပါကစ္စတန်၌ အသေခံဗုံးခွဲတိုက်ခိုက်မှု ၃ ခုကြောင့် ရဲ ၆ဦးထက်မနည်း သေဆုံး

ကွက်တာ၊ ပါကစ္စတန်၊ ဧပြီ ၂၅ ။          ။ ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းတွင် အင်္ဂါနေ့က အသေခံဗုံးခွဲသမား ၃ ဦး၏ ဗုံးခွဲတိုက်ခိုက်မှု ၃ ခုကြောင့် လုံခြံုရေးတပ်သား ၁၅ဦးနှင့် ရဲ ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

ယင်းဗုံးခွဲတိုက်ခိုက်မှုများသည် ခွဲထွက်ရေးအဖွဲ့များနှင့် အစ္စလာမ်မစ်အကြမ်းဖက်သမားများကို ဆယ်စုနှစ် တစ်စုကျော်ကြာအောင် တိုက်ခိုက်နေရသော နိုင်ငံအနောက်တောင်ပိုင်းအရပ်ရှိ ဘာလိုချစ္စတန်ခရိုင်အတွင်းမှ ကွက်တာမြို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အသေခံဗုံးခွဲသမားတွေထဲက ပထမဦးဆုံးတစ်ယောက်ဟာ ကွက်တာမြို့ဆင်ခြေဖုံးအရပ်က စစ်ဆေးရေးဂိတ် အပြင်ဘက်မှာ အစောင့်တွေက သူ့ကိုရှာဖွေနေစဉ်မှာ သူ့ကိုယ်သူဖောက်ခွဲပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု ဘာလိုချစ္စတန်ခရိုင်မှ ပြည်ထဲရေးဝန်ကြီး ဂူလမ်အလီဘယ်လော့ချ်က ပြောခဲ့သည်။

“သိပ်မကြာခင်အချိန်အတွင်းမှာပဲ နောက်ထပ်ဗုံးခွဲသမားတစ်ဦးရောက်ရှိလာပြီး လုံခြံုရေးတပ်ဖွဲ့တွေနဲ့ အပြန် အလှန်ပစ်ခတ်ပြီးတော့ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်” ဟု သူက ဆိုခဲ့သည်။ ယင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ့စစ်တပ်ဖွဲ့မှ အရာရှိ ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်း သူက ဖြည့်စွက်ပြောဆိုခဲ့သည်။

ထို့နောက် နာရီဝက်ခန့်အကြာတွင် တတိယမြောက် အသေခံဗုံးခွဲသမားသည် မော်တော်ဆိုင်ကယ်ကိုမောင်းနှင် လာခဲ့ပြီး လမ်းမပေါ်ရှိ ရဲကားတစ်စီးကို ၀င်တိုက်ခဲ့သောကြောင့် ရဲ ၆ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဘာလော့ချ်က ပြောခဲ့သည်။

ယင်းတိုက်ခိုက်မှုကို ကွက်တာမြို့မှ ရဲမှူးကြီးက အတည်ပြုပေးခဲ့ပြီး ပေါက်ကွဲမှုမှာ အားပြင်းလှသောကြောင့် ရဲကားပြောင်းပြန်လန်သွားခဲ့ပြီး ရဲ ရ ဦး ဒဏ်ရာရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။

ယင်းတိုက်ခိုက်မှုများနှင့်ပက်သက်၍ မည်သည့်အဖွဲ့အစည်းကမှ ၄င်းတို့၏လက်ချက်ဟု ကြေညာခြင်းမရှိသေး ကြောင်း သိရသည်။ အစ္စလာမ်မစ်စစ်သွေးကြွများနှင့် ခွဲထွက်ရေးအဖွဲ့များသည် အာဖဂန်နစ္စတန်နယ်စပ်ရှိ သယံဇာတပေါကြွယ်ဝသော ဘာလိုချစ္စတန်ခရိုင်အတွင်း၌ အကြမ်းဖက်တိုက်ခိုက်မှုများကို ကျူးလွန်ခဲ့သည်မှာ ဆယ်စုနှစ်တစ်စုကျော်ခဲ့ပြီဖြစ်သည်။

ဘာလိုချစ္စတန်ခရိုင်သည် ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံးခရိုင် ၄ခုထဲမှ တစ်ခုဖြစ်သော်လည်း ယင်းခရိုင်အတွင်း နေထိုင်ကြသော ပြည်သူ ရ သန်းခန့်သည် ယင်းနယ်မြေအတွင်းမှ ပေါကြွယ်ဝသော သဘာဝဓာတ်ငွေ့များနှင့် တွင်းထွက်ပစ္စည်းများကို အကျိုးမျှဝေမခံစားရသည့်အတွက် အစိုးရကို ဝေဖန်လျက်ရှိကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required