မြောက်ကိုရီးယားတို့အနေဖြင့် ၄င်းတို့၏ နျူကလီးယားလက်နက်များကို ဖယ်ရှားပစ်ရမည်ဟု ထရမ့်ပြောဆို

မြောက်ကိုရီးယားတို့အနေဖြင့် ၄င်းတို့၏ နျူကလီးယားလက်နက်များကို ဖယ်ရှားပစ်ရမည်ဟု ထရမ့်ပြောဆို

၀ါရှင်တန်၊ အမေရိကန်၊ ဧပြီ ၂၅ ။                      ။ မြောက်ကိုရီးယားတို့အနေဖြင့် ၄င်းတို့၏ နျူကလီးယားနှင့် ဒုံးပျံစမ်းသပ်မှုများကိုရပ်နားကြောင်း မကြာသေးခင် က ကြေညာခဲ့သော်လည်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကမူ ပြံုယမ်းအစိုးရအနေဖြင့် ၄င်းတို့၏ နျူကလီး ယား လက်နက်များနှင့် စမ်းသပ်မှုအစီအစဉ်များကို အပြီးတိုင်ဖျက်သိမ်းရမည်ဟု အင်္ဂါနေ့က ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအမ်းနှင့် သမိုင်းဝင်တွေ့ဆုံဆွေးနွေးမှုမတိုင်မီတွင် ထရမ့်ဘက်မှ နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့်ပက်သက်၍ ယခုလိုပြောဆိုခဲ့ခြင်းဖြစ်သည်။

“နျူကလီးယားလက်နက်ဖျက်သိမ်းမှုဆိုတာ သူတို့ရဲ့ နျူလက်နက်အားလုံးကို ဖျက်သိမ်းရမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ အရမ်းကိုရိုးရှင်းပါတယ်” ဟု ထရမ့်က အိမ်ဖြူတော်သို့လာရောက်လည်ပတ်သော ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့်အတူ ပူးတွဲသတင်းရှင်းလင်းပွဲပြုလုပ်ခဲ့စဉ်တွင် ပြောဆိုခဲ့သည်။

ထရမ့်က “ ကျုပ်အတွက်ကတော့ ဒီလိုရိုးရှင်းတဲ့သဘောတူညီချက်လေးကို ပြုလုပ်ပြီး အောင်မြင်မှုကို ကြွေးကြော်ရမှာက အရမ်းကိုလွယ်ကူလာမှာပါ။ ကျုပ်ကသူတို့ရဲ့ နျူလက်နက်အစီအစဉ်ကို ရပ်နားစေချင် တာမဟုတ်ပါဘူး။ ကျုပ်က သူတို့ရဲ့နျူလက်နက်အားလုံးကို ဖယ်ရှားပစ်စေချင်တာပါ” ဟု ပြောဆိုခဲ့သည်။

ကင်မ်ဂျံုအမ်းက သူ့အနေဖြင့် ထရမ့်နှင့်အတူ နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် ပက်သက်၍ ဆွေးနွေး သွားချင်သည်ဟု ပြောဆိုခဲ့သော်လည်း ပြံုယမ်းအစိုးရအနေဖြင့် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားဖျက်သိမ်း ရေးခေါင်းစဉ်ဖြင့်သာ ဆွေးနွေးလိုကြောင်းသိရသည်။

ပြံုယမ်းအစိုးရဘက်မှဆိုလိုသော ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားဖျက်သိမ်းရေးဆိုသည်မှာ တောင်ကိုရီးယား၌အခြေစိုက်ထားသော အမေရိကန်တို့၏ စစ်အင်အားများကို ပြန်လည်ရုပ်သိမ်းပေးဖို့လည်း ပါ၀င်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags