ဗိုလ်ချုပ်ရုပ်ရှင်ကို ၂၀၁၈ အကုန်ပိုင်းတွင် ရိုက်ကူးမည်ဖြစ်ပြီး စောင့်ရကျိုးနပ်စေမည်ဟု ဆို

ဗိုလ်ချုပ်ရုပ်ရှင်ကို ၂၀၁၈ အကုန်ပိုင်းတွင် ရိုက်ကူးမည်ဖြစ်ပြီး စောင့်ရကျိုးနပ်စေမည်ဟု ဆို

ဧပြီ ၂၄ ။          ။ ဗိုလ်ချုပ်ရုပ်ရှင်ကို ၂၀၁၈ ခုနှစ်အကုန်ပိုင်းတွင် စတင်ရိုက်ကူးသွားမည်ဟု သိရပြီး ပရိသတ်များ စောင့်ရကျိုး နပ်စေမည်ဟု သရုပ်ဆောင် လူမင်းက ပြောသည်။

ဧပြီလ ၂၄ ရက်၊ နေ့လည်ပိုင်းက ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင်  ပြုလုပ်ခဲ့သော “ အောင်ဆန်းရုပ်ရှင် ရိုက်ကူးပြသနိုင်ရေးအတွက် ဒုတိယအကြိမ်အလှူငွေပေးအပ်ပွဲအခမ်းအနား” တွင် ယင်းသို့ ပြောခဲ့ခြင်း ဖြစ်သည်။

“ ဘာကြောင့် ကြန့်ကြာနေရသလဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းရိုက်ကူးတယ်ဆိုတာ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း၊ ဒီမိုကရေစီရဲ့ သမိုင်းကြောင်းကို ရိုက်တာနဲ့ အတူတူပဲ ဖြစ်တဲ့အတွက် သမိုင်းအချက်အလက် မှန်ကန်မှု၊ ခမ်းနားမှု၊ ကြီးကျယ်မှု၊ အကောင်းဆုံးဖြစ်အောင်ရိုက်ချင်တဲ့အတွက် ရထားတဲ့ရန်ပုံငွေနဲ့ မလုံလောက် တဲ့အတွက် ရန်ပုံငွေရှာရင်းနဲ့ အချိန်တွေကြန့်ကြာနေခဲ့ရတာ ဖြစ်ပါတယ်။ ပရိသတ်များ စောင့်ရကျိုးနပ်စေဖို့ အာမခံပါတယ်” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဟောင်း တဖြစ်လဲ သရုပ်ဆောင်လူမင်းက ပြောသည်။

အဆိုပါရုပ်ရှင်ရိုက်ကူးရန် ကျပ်သိန်းပေါင်း ၁ သောင်းခန့် လျာထားကြောင်း သိရပြီး လက်ရှိတွင် စုစုပေါင်း ကျပ်သိန်း ၁၂၀၀၀ ကျော်နှင့် အမေရိကန်ဒေါ်လာ ၅၀၀၀ နီးပါး ရရှိထားကြောင်း သိရသည်။

၂၀၁၈ ခုနှစ်ဇန်နဝါရီလတွင် စတင်ရိုက်ကူးရန် ရည်ရွယ်ထားသော်လည်း ငွေရေးကြေးရေးအခက်အခဲများ ကြောင့် ကြန့်ကြာခဲ့ခြင်းဟု ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့က ဆိုခဲ့ကြသည်။

အောင်ဆန်း ရုပ်ရှင်အား ဇန်နဝါရီ ၂၀၁၈ တွင် စတင်ရိုက်ကူး၍ ဒီဇင်ဘာ ၂၀၁၉ တွင်  ဒါရိုက်တာ မင်းထင် ကိုကိုကြီး နှင့် အပြီးသတ် ရိုက်ကူးရန် စီစဉ်ထားသော်လည်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ဖျက်သိမ်းခဲ့ပြီး သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့  ငွေကြေး အပါအဝင် သမိုင်းဆိုင်ရာ အထောက်အကူ ပစ္စည်းများ ၊ ရုံးသုံး ပစ္စည်းများကို လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန(ယဉ်ကျေးမှု)ရှိ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌအဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဆောင်ရွက်နေသော အောင်ဆန်းရုပ်ရှင်ကို လာမည့် ၂၀၂၀တွင် ပြသနိုင်ရန် လျာထား ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required