အင်ဒိုနီးရှား လွှတ်တော်ဥက္ကဌဟောင်း ခြစားမှုဖြင့် ထောင် ၁၅ နှစ် ချမှတ်ခံရ

အင်ဒိုနီးရှား လွှတ်တော်ဥက္ကဌဟောင်း ခြစားမှုဖြင့် ထောင် ၁၅ နှစ် ချမှတ်ခံရ

ဂျကာတာ၊ ဧပြီ ၂၄ ။          ။ အင်ဒိုနီးရှားနို်င်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်တည်နေသော အကျင့်ပျက်ခြစားမှုများကို နှိမ်နင်းရေး အောင်မြင်မှုတစ်ရပ်အဖြစ် အကျင့်ပျက်လာဘ်စားမှုအတွက် အပြင်းထန်ဆုံး ပြစ်ဒဏ်တစ်ရပ်ဖြင့် လွှတ်တော်ဥက္ကဌဟောင်းကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်သည်။

တစ်ချိန်က နိုင်ငံ၏ သြဇာကြီးနိုင်ငံရေးသမားတစ်ဦးလည်း ဖြစ်သူ ဆက်ယာနိုဗန်တိုသည် အစိုးရသက်သေခံကတ်ပြားများ ထုတ်ပေးခြင်းနှင့် ပတ်သက်ပြီး ဒေါ်လာသန်းပေါင်းများစွာ လာဘ်စားသည်ဟု စွပ်စွဲခံခဲ့ရခြင်း ဖြစ်သည်။

“တရားခံ နိုဗန်တိုဟာ အကျင့်ပျက်ခြစားမှုဥပဒေကို ချိုးဖောက်ပြီး ပြစ်မှုကျုးလွန်ကြောင်း တွေ့ရှိရပါတယ်။”ဟု တရားသူကြီး ယန်တိုက ဂျကာတာတရားရုံးတွင် ပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ချီးကျူးခြင်း ခံရသူ အင်ဒိုနီးရှား၏ အထင်ကရပုဂ္ဂိုလ်လည်းဖြစ်သော နိုဗန်တိုက အယူခံဝင်ရေးကို စဉ်းစားရန် အချိန်လိုအပ်ကြောင်း ပြောသည်။

အသက် ၆၂ နှစ်ရှိ နိုဗန်တိုကို လများစွာ စစ်ဆေးကြားနာပြီးနောက် ယခုကဲ့သို့ အမိန့်ချမှတ်ခြင်း ဖြစ်သည်။ ၎င်းသည် အမျိုးမျိုးသော စွပ်စွဲချက်များကို ရှောင်တိမ်းရန် ကားတိုက်မှုဖြစ်၍ ဒဏ်ရာရသည်ဆိုသော အယောင်ပြမှုများအပါအဝင် လှည့်ကွက်မျိုးစုံ သုံးနေသည်ဟု ဝေဖန်သူများက ဆိုထားပြီး လရှည်စစ်ဆေးခဲ့ရခြင်း ဖြစ်သည်။

အစိုးရရှေ့နေများက ၎င်းကို ထောင်ဒဏ် ၁၆ နှစ် ချမှတ်ရန် လျှောက်ထားခဲ့ကြခြင်း ဖြစ်သည်။

နိုဗန်တိုအား ထောင်ဒဏ်အပြင် ရူပီး သန်း ၅၀၀ (အမေရိကန်ဒေါ်လာ ၃၆၀၀၀) ဒဏ်ငွေပါ တရားသူကြီး ယန်တိုက ချမှတ်ခဲ့သည်။ အစိုးရရှေ့နေများက ဒဏ်ငွေ ဒေါ်လာ ရ ဒဿမ ၄ သန်းအထိ ချမှတ်ရန် လျှောက်လဲထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required