ထရမ့်နှင့် ကင်ဂျုံးအွန် ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံမည် ထိုင်းကမ်းလှမ်း

ထရမ့်နှင့် ကင်ဂျုံးအွန် ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံမည် ထိုင်းကမ်းလှမ်း

ဘန်ကောက်၊ ဧပြီ ၂၄ ။         ။ ထင်ကြေးများ အမျိုးမျိုးပေးနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်တို့ကြား ထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုကြောင်း ထိုင်းနိုင်ငံက ဧပြီ ၂၄ ရက်တွင် ကမ်းလှမ်းသည်။

“ဒီဆွေးနွေးပွဲတွေအတွက် အိမ်ရှင်ပြုပေးဖို့ ထိုင်းနိုင်ငံက အသင့်ရှိနေပါတယ်။”ဟု နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရမ်မတ်ဝီနိုင်းက သတင်းထောက်များအား ပြောသည်။

အမေရိကန်သံရုံးက ထင်မြင်ချက်ပေးရန် ငြင်းဆန်ထားသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်အနေဖြင့်  တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် ဧပြီ ၂၇ ရက်တွင် တွေ့ဆုံကြမည်ဖြစ်ပြီး ထရမ့်နှင့် တွေ့ဆုံဖြစ်ရေးအတွက် ခိုင်မာသည့် ခြေလှမ်းလည်း ဖြစ်သည်။

ဇွန်အစောပိုင်းတွင် ကျင်းပမည်ဖြစ်သော ထိပ်သီးအစည်းအဝေးအတွက် နေရာငါးနေရာကို စဉ်းစားနေကြောင်း ယခုလအစောပိုင်းက ထရမ့်က ပြောထားပြီး ယင်းစည်းဝေးပွဲမှနေ၍ မြောက်ကိုရီးယားနှင့် နျူကလီးယားကင်းစင်ရေး သဘောတူညီမှု ရလိမ့်မည်ဟုလည်း မျှော်လင့်ထားသည်။

ထိုင်းနိုင်ငံမှာ အမေရိကန်၏ ရေရှည်မဟာမိတ်ဖြစ်ပြီး မြောက်ကိုရီးယားနှင့်လည်း သံတမန်ဆက်ဆံရေး ရှိထားသော နိုင်ငံဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly