လိင်ပိုင်းဆိုင်ရာအနှောက်အယှက်ပေးသည်ဟု တိုင်ကြားခံရသည့် ပဲန်မြန်မာဒါရိုက်တာအဖွဲ့ဝင်တစ်ဦးကို ပြင်းထန်စွာသတိပေး

လိင်ပိုင်းဆိုင်ရာအနှောက်အယှက်ပေးသည်ဟု တိုင်ကြားခံရသည့် ပဲန်မြန်မာဒါရိုက်တာအဖွဲ့ဝင်တစ်ဦးကို ပြင်းထန်စွာသတိပေး

 

ဧပြီ ၂၄ ။                    ။ အမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာအနှောက်အယှက်ပေးသည်ဟု တိုင်ကြားခံရသည့် ပဲန်မြန်မာဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးကို ပထမဆုံးနှင့် နောက်ဆုံးအကြိမ်   ပြင်းထန်စွာသတိပေးခဲ့ကြောင်း Pen Myanmar မှ ထုတ်ပြန်သည်။

ပဲန်မြန်မာဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးကို တိုင်ကြားထားသည့်အပေါ် ပဲန်မြန်မာအဖွဲ့ဝင်များအတွင်း လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု မူဝါဒထုတ်ပြန်ခြင်း မပြုမီ ကာလများတွင်ဖြစ်ပေါ်ခဲ့သောကိစ္စရပ်များဖြစ်သဖြင့် နောက်ကြောင်း ပြန်သက်ရောက်မှု မရှိစေရဟု ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။

“ တိုင်ကြားခံရသူကို တိုင်ကြားစာနဲ့ပတ်သက်ပြီး ဖွဲ့စည်းခဲ့တဲ့ စုံစမ်းရေးကော်မတီက “လိင်ကိစ္စကို သိသိ သာသာ သို့မဟုတ် အရိပ် အမြွက်ပြသော အရာဝတ္ထုတစ်ခုခုကို ခင်းကျင်းပြသခြင်း”ဆိုတဲ့ ပဲန်မြန်မာရဲ့ Anti - Sexual Harassment Policy ပါ အပိုဒ် ၈ (ဂ) (၁) အရ တိုင်ကြားခံရသူအပေါ်မှာ သံသယဖြစ်ဖွယ်ရာ တွေ့ရှိခဲ့ရတယ်လို့ ပဲန်မြန်မာကို ပေးပို့တဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါကြောင့် တိုင်ကြားခံရသူကို ပဲန်မြန်မာကနေပြီး လူသိရှင်း ကြား ပြင်းထန်စွာသတိပေးအရေးယူခဲ့တာဖြစ်ပါတယ်” ဟု Pen Myanmar အတွင်းရေးမှူး ဦးဟန်ဇော်က ပြောသည်။

ပြီးခဲ့သည့်နှစ်က ဖြစ့်ပွားခဲ့သော ဖြစ်ရပ်နှင့် ပတ်သက်ပြီး ပဲန်မြန်မာမှ စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းကြောင်း ၂၀၁၇ နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စုံစမ်းစစ်ဆေးရေးကော်ကော်မတီက တိုင်ကြားသူနှင့် စွပ်စွဲခံရသူ သက်သေခံပဂ္ဂိုလ်များကို တွေ့ဆုံမေးမြန်းခဲ့ပြီး ရရှိသည့် အချက်အလက်များကို ဧပြီ ၁၉ ရက်တွင် ပဲန်မြန်မာ ဒါရိုက်တာ ဘုတ်အဖွဲသို့တင်ပြခဲ့ကြောင်း သတင်းရရှိသည်။

တိုင်ကြားထားသူ မဇာခြည်ဦးက အဆိုပါ ဆုံးဖြတ်ချက်အပေါ် ကျူးလွန်ခြင်းဟုတ်မှန်ကြောင်း တွေ့ရသည်ဟု ဆိုသည်။

“နောက်ကြောင်းပြန်အာဏာသက်ရောက်ခြင်းမရှိစေရဆိုတဲ့အတွက်ကြောင့် သတိပေးလိုတယ်ဆိုတာနဲ့တင် ပြီးသွားတယ်။ အရေးယူမ တစ်စုံတစ်ရာလုပ်လိမ့်မယ်လို့တော့ ထင်ခဲ့တယ်။ ဒါပေမယ့် သူတို့ပေါ်လစီက ၂၃မှ စပြီးအသက်ဝင်တယ်ဆိုတာကြောင့် ဒါရိုက်တာအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ နောက်ကြောင်းပြန် အာဏာသက် ရောက်ခြင်းမရှိစေရဆိုတဲ့ ဆုံးဖြတ်ချက်နဲ့သူ့ကို ပထမဆုံးအကြိမ်နဲ့နောက်ဆုံးအကြိမ်ပြင်းထန်စွာ သတိပေး လိုက်တယ်။ ရှင်းရှင်းလေး ကျူးလွန်တာ မှန်တယ်။ တိုင်းကြားချက်ထဲမှာလည်း နှစ်ခုတောင်းဆိုတယ်။ ပထမ အရေးယူပေးပါ။ နောက်တစ်ခုက ပေါ်လစီချမှတ်ပေးပါ တောင်းဆိုခဲ့တယ်” ဟု ပြောသည်။

တိုင်ကြားခံရသူ ဦးခင်မောင်အေးသည် ညစ်ညမ်းဗီဒီယိုများကို ကွန်ပျူတာအတွင်းသို့ ထည့်သွင်းခဲ့သည်ဟု မဇာခြည်ဦး၊ မထားဥဿံုတို့က တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သံသယဖြစ်စရာမတွေ့ရကြောင်း၊ မဇာခြည်ဦး အလုပ်မှ နှုတ်ထွက်ခြင်း(သို့) ဆက်လက် ခန့်ထားမှု မရှိခြင်းသည် ၎င်းကိစ္စနှင့် ဆက်စပ်ခြင်း တစ်စုံတစ်ရာမရှိဘဲ ပဲန်မြန်မာတွင် တာဝန်ထမ်းဆောင်ခြင်း မပြုသည့်နောက် အချိန်ကာလများစွာကွာခြားသည့် အချိန်မှ ယခုကိစ္စ ကို တင်ပြတိုင်ကြားခြင်းဖြစ်သည့် အတွက် ဦးခင်မောင်အေးမှ ၎င်းအပေါ်အကြောင်းအမျိုးမျိုး ပြဿနာရှာခဲ့သည် ဆိုခြင်းမှာ ယုံကြည်ရန် အကြောင်းမရှိကြောင်း ဖော်ပြထားသည်။

သို့သော် ပဲန်မြန်မာမှထုတ်ပြန်သည့် Sexual Harassment ၏ အဓိပါယ်သတ်မှတ်ချက် အပိုဒ်၈(ဂ)(၁)ပါ “လိင်ကိစ္စကို သိသိသာသာ၊ သို့မဟုတ် အရိပ်အမြွက်ပြသော အရာဝတ္ထုတစ်ခုခုကို ခင်ကျင်းပြသခြင်း” ဆိုသည့် အချက်နှင့် ငြိစွန်းသည်ဟု သံသယဖြစ်ဖွယ်ရာ အကြောင်းရှိကြောင်း သုံးသပ်တွေ့ရှိရသည်ဟု Pen Myanmar မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်ကြားချက်တွင် အရေးယူပေးရန်နှင့် Anti-Sexual Harassment Policy ရှိရန် တိုက်တွန်းသည့်အကြောင်း အရာများကို ပဲန်မြန်မာအနေဖြင့် တရားဝင်တိုင်ကြားစာရပြီးသည့်အချိန်မှစ၍ လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး သင့် တော်သော အရေးယူဆောင်ရွက်ချက်များ Anti - Sexual Harassment အပါအဝင် အခြားသော လူ့ရပိုင်ခွင့် ဆိုင်ရာပေါ်လစီများ၊ ငွေကြေးဆိုင်ရာပေါ်လစီများ၊ ၀န်ထမ်းရေးရာပေါ်လစီများနှင့် လက်ရှိအခြေ အနေတွင် လိုအပ်နေသော ပေါ်လစီများကို ဦးစားပေးလုပ်ဆောင်နေပြီး Anti-Sexual Harassment ဦးကိုတော့ ပဲန်မြန်မာက ဦးစားပေးဆောင်ရွက်နေကြောင်း Pen Myanmar မှ သတင်းရရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required