လစ်လပ်ဝန်ကြီး ၂ နေရာအတွက် ခန့်အပ်ခြင်းခံရသည့် ဝန်ကြီး၂ ဦး မကွေးလွှတ်တော်တွင် ကတိသစ္စာပြု

လစ်လပ်ဝန်ကြီး ၂ နေရာအတွက် ခန့်အပ်ခြင်းခံရသည့် ဝန်ကြီး၂ ဦး မကွေးလွှတ်တော်တွင် ကတိသစ္စာပြု

မကွေး၊ ဧပြီ ၂၄ ။                         ။ လစ်လပ်ဝန်ကြီး ၂ နေရာအတွက် ခန့်အပ်ခြင်းခံရသည့် ဝန်ကြီး၂ ဦး ယနေ့ ဧပြီလ ၂၄ရက်နေ့ နံနက်ပိုင်းက ဒုတိယအကြိမ် မကွေးတိုင်း ဒေသကြီး လွှတ်တော်အရေးပေါ်အစည်းအဝေး ပထမနေ့အား ကျင်းပရာ လွှတ်တော်တွင် ကတိသစ္စာပြုခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၌ လစ်လပ်လျှက်ရှိသော စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးနေရာများအတွက် ဦးဝင်းမော်ဌေးအား စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးမြင့်ဆွေအား အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတက ခန့်ထားတာဝန်ပေးအပ်လိုက်ကြောင်း ၂၀၁၈ ခုနှစ် ဧပြီလ ၁၉ ရက် ရက်စွဲဖြင့် မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌထံသို့ အကြောင်းကြားစာပေးပို့ခဲ့သည်။

မကွေးတိုင်းဝန်ကြီးချုပ်မှ အဆိုပြုလာသူ ၂ ဦးအား  မကွေးတိုင်းဒေသကြီးလွှတ်တော်မှ သဘောတူပြီးနောက် ခန့်အပ်ခံရသောဝန်ကြီး ၂ ဦးက လွှတ်တော်တွင် ကတိသစ္စာပြုခြင်းဖြစ်သည်။

ဝန်ကြီးတာဝန်များ ခန့်အပ်တာဝန်ပေးခဲ့ခြင်းနှင့် စပ်လျှဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ဆွေက” အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ အခွင့်အရေး ဒါတွေကို သက်ဆိုင်ရာဌာနတွေကို အနီးကပ်ကြီးကြပ်ကွပ်ကဲပြီး လုပ်ငန်းတွေ သွက် လက်လက်လျှင်မြန်အောင် ဆောင်ရွက်သွားမှာပါ၊ကျယ်ပြန့်တာကတော့ လဝက ပေါ့၊အဲဒီမှာ နိုင်ငံသားတိုင်း ရသင့်ရရထိုက်တဲ့အခွင့်အရေးတွေကို အချိန်မဆိုင်းဘဲနဲ့ ရရှိအောင် ခရိုင်၊တိုင်း သက်ဆိုင်ရာဦးစီးဌာနတွေကို ဝန်ကြီးတစ်ယောက်အနေနဲ့ တွန်းအားလည်းပေးသွားမယ်၊ ပူးပေါင်းဆောင်ရွက်သွားပါမယ်” ဟု ​ပြောသည်။

စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးဝင်းမော်ဌေးက “ နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒနဲ့အညီ လယ်ယာမြေဥပဒေတွေ၊မြေယာသိမ်းဆည်းမှုဥပဒေတွေ ဒါတွေကို လေ့လာနေပါတယ်၊ လယ်ယာမြေအရေး ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ပူးပေါင်းမယ်၊ လိုအပ်ရင် အကြံပေးအဖွဲ့ ဖွဲ့ စည်းပြီး လုပ်ဆောင်သွားမှာပါ၊ အောက်ခြေအထိဆင်းပြီး တဖြေးဖြေးနဲ့ ကိုင်တွယ်ဖြေရှင်းပေးသွားမယ် လို့စဉ်းစားထားပါတယ်” ဟု ပြောသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၌ လစ်လပ်လျှက်ရှိနေသော ဝန်ကြီး၂ ဦး၏ နေရာများအတွက် ဝန်ကြီးချုပ်က တိုင်းဒေသကြီးလွှတ်တော်သို့ အမည်စာရင်းကို အဆိုပြုတင်သွင်းခဲ့ရာတွင် ပထမအကြိမ် တင်သွင်းမှုအား ပြန်လည်ရုပ်သိမ်းခဲ့ရပြီး ဒုတိယအကြိမ်တင်သွင်းရာတွင်လည်း တစ်ဦးကိုသာ လွှတ်တော်က အတည်ပြုနိုင်ခဲ့ပြီး ကျန်တစ်ဦးကို ဝန်ကြီးချုပ်က ပြန်လည်ရုပ်သိမ်းကာ စိုက်ပျိုးမွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဖြစ်လာမည့် ဦးဝင်းမော်ဌေးကို တတိယအကြိမ်မြောက် လွှတ်တော်သို့ အဆိုပြု တင်သွင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဦးဝင်းမော်ဌေးသည် လက်ရှိအစိုးရ သွားနေသော နိုင်ငံရေးပေါ်လစီနှင့် ရင်းနှီးမှု မရှိခြင်း၊ ဌာနဆိုင်ရာဝန်ထမ်း အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ မဟုတ်သဖြင့်လည်း ဌာနဆိုင်ရာလုပ်ငန်းများနှင့် ကျွမ်းဝင်မှုမရှိခြင်းတို့ကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်သည်ဟု လွှတ်တော်ကိုယ်စားလှယ်အများက သုံးသပ်ပြောမှုများ ရှိနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required