ဘတ်စ်ကားတံတားပေါ်မှ ထိုးကျကာ တရုတ်ခရီးသွားများ သေဆုံးမှုအတွက် အလွန်ဝမ်းနည်းကြောင်း ကင်ဂျုံးအွန် ပြော

ဘတ်စ်ကားတံတားပေါ်မှ ထိုးကျကာ တရုတ်ခရီးသွားများ သေဆုံးမှုအတွက် အလွန်ဝမ်းနည်းကြောင်း ကင်ဂျုံးအွန် ပြော

ပြံုယမ်း၊ ဧပြီ ၂၄ ။            ။ မြောက်ကိုရီးယားနိုင်ငံတွင် ဘတ်စ်ကား တံတားပေါ်က ထိုးကျပြီး တရုတ်ခရီးသွားဧည့်သည် ၃၂ ဦး သေဆုံးခြင်းအတွက် အလွန်ဝမ်းနည်းစိတ်မကောင်းကြောင်း ခေါင်းဆောင်ကင်ဂျုံးအွန်က ပြောသည်။

ပြံုယမ်းတောင်ဖက်တွင် ဧပြီ ၂၂ ရက် ညပိုင်းက အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းယာဉ်မတော်တဆမှုတွင် မြောက်ကိုရီးယားနိုင်ငံသား လေးဦးလည်း သေဆုံးကာ တရုတ်ဧည့်သည်နှစ်ဦး ဒဏ်ရာရခဲ့ကြောင်းလည်း တရုတ်တာဝန်ရှိသူများနှင့် နိုင်ငံပိုင်သတင်းတို့က ဖော်ပြသည်။

မြောက်ကိုရီးယား၏ တင်းကျပ်သော ၀ါဒဖြန့်ချိရေးနက်ဝက်ဖြစ်သည့် နိုင်ငံပိုင်သတင်းဌာန KCNA တွင် ရှားရှားပါးပါး သတင်းဆိုးထုတ်လွှင့်မှုဖြစ်သော ယခု ယာဉ်မတော်တဆမှု သတင်းတွင် ကင်ဂျုံးအွန်က ပြံုယမ်းရှိ တရုတ်သံအမတ်ကြီးနှင့် လူချင်းတွေ့ဆုံခဲ့သကဲ့သို့ ဆေးရုံသို့လည်း  အသက်ရှင်ကျန်ရစ်သူများကို သွားရောက်ကြည့်ရှုခဲ့သည်။

အာဏာရပါတီ အာဘော်ဖြစ်သော Rodong Sinmun သတင်းစာတွင် ဆေးရုံကုတင်ပေါ် လဲလျောင်းနေသော ကားတိမ်းမှောက်မှုမှ ကျန်ရစ်သူ နှစ်ဦးလက်ကို ကိုင််လျက် ဆရာဝန်ဂျူတီကုတ်အဖြူဝတ်ဆင်ထားသော ကင်ဂျုံးအွန်၏ ပုံကို ရှေ့ဖုံးတင်ကာ ဖော်ပြခဲ့သည်။

ထိုသို့့ ၀မ်းနည်းစကားဆို အားပေးမှုမျိုးသည် အခြားသောနိုင်ငံများတွင် မဆန်းသော်လည်း ကင်ဂျုံးအွန်ကို အစည်းအဝေး ကျင်းပသည့်ပုံများ၊ စစ်တပ်နှင့် တွေ့ဆုံသည့်ပုံများသာ ဖော်ပြလေ့ရှိသည့် မြောက်ကိုရီးယားနိုင်ငံအတွက် အမြင်ဆန်းနေသည်။

မမျှော်လင့်သော ယာဉ်မတော်တဆမှုကြောင့် ၎င်း၏ စိတ်နှလုံးတွင် အလွန်အမင်း ၀မ်းနည်းရပြီး ဆွေမျိုးသားချင်းများ ဆုံးရှုံးလိုက်ရသည့် ကျန်ရစ်သူများအကြောင်း တွေးမိပြီး ပူဆွေးသောကကို မထိန်းနိုင်ဖြစ်ရကြောင်း ကင်ဂျုံးအွန်က ပြောသည်ဟု KCNA သတင်းက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly