လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုဖြင့် PEN Myanmar ဒါရိုက်တာအား တိုင်ကြားမှုကို နောက်ကြောင်းမပြန်ရန် ဆုံးဖြတ်

လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုဖြင့် PEN Myanmar ဒါရိုက်တာအား တိုင်ကြားမှုကို နောက်ကြောင်းမပြန်ရန် ဆုံးဖြတ်

အမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုဖြင့် PEN Myanmar ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးအား တိုင်ကြားထားသည့်ကိစ္စအပေါ် လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုဟန့်တားရေးမူဝါဒ မထုတ်ပြန်မီ ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များ ဖြစ်၍ နောက်ကြောင်းပြန်သက်ရောက်မှုမရှိစေရဟု ဒါရိုက်တာအဖွဲ့က ဆုံးဖြတ်လိုက်ကြောင်း ထုတ်ပြန်လိုက်သည်။

ဧပြီလ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သောကြေညာချက်တွင် “ PEN Myanmar သည် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုဟန့်တားရေး မူဝါဒကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ရေးဆွဲခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီလ ၂၃ ရက်မှစတင်၍ အသက်ဝင်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ ယခု ဖြစ်ရပ်မှာ PEN Myanmar အဖွဲ့ဝင်များ အတွင်း လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုဟန့်တားရေး မူဝါဒ ထုတ်ပြန်ခြင်းမပြုမီကာလများက ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များဖြစ်သဖြင့် ဤမူဝါဒအရ နောက်ကြောင်းပြန်သက်ရောက်မှုမရှိစေရဟု ဒါရိုက်တာအဖွဲ့က ဆုံးဖြတ်ပါသည်”  ဟု ပါရှိသည်။

ဖြစ်စဉ်မှာ PEN Myanmar ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သော ဦးခင်အောင်အေးက အမျိုးသမီးတစ်ဦး၏ ကွန်ပြူတာအတွင်းသို့ အပြာကားများ ထည့်ပေးခဲ့ပြီး Sexual Harassment လုပ်နေသူအား အရေးယူပေးပါရန် ဟု ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၄ ရက်က တိုင်ကြားထားခြင်း ဖြစ်သည်။

ဦးခင်အောင်အေးအား စစ်ဆေးရာတွင် ခိုင်မာသော အထောက်အထားများ မတွေ့ရှိခဲ့သော်လည်း  ၎င်းအပေါ် သံသယဖြစ်ဖွယ်ရာအကြောင်းများရှိသည်ကို သုံးသပ်တွေ့ရှိရသည်ဟု PEN Myanmar စုံစမ်းရေးကော်မရှင် ၏ တွေ့ရှိချက်ကို ဖော်ပြထားသည်။

လက်ရှိတွင် အဆိုပါသူအား  PEN Myanmar ၏ စည်းမျဉ်းများ လိုက်နာရန် တိုက်တွန်းထားပြီး နောင်တွင် ယင်းကဲ့သို့ပေါ်ပေါက်ပါက ဒါရိုက်တာအဖွဲ့ဝင်အဖြစ်မှလည်းကောင်း၊ အသင်းဝင်အဖြစ်မှလည်းကောင်း အပြီးတိုင်ထုတ်ပယ်မည်ဟု ပါရှိသည်။

PEN Myanmar ၏ စုံစမ်းရေးကော်မရှင်တွင်  ဒေါ်ခင်မမမျိုး(ဒါရိုက်တာ၊ Myanmar Institute of Peace and Security Studies ) ၊ ဒေါ်ခင်လေး( Triangle Women Support) ၊ ဒေါ်ဆွေဇင်ထိုက်၊ မောင်လင်းရိပ်၊ မိုဃ်းဇော်၊ မောင်ရင့်မာ၊ မျိုးမြင့်ညိမ်း( PEN Myanmar ဥက္ကဋ္ဌ ) တို့ ပါ၀င်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly