NVC ကိုင်ဆောင်သူများအား တစ်နိုင်ငံလုံးသွားလာခွင့်ပြုပါက ပြည်ခိုင်ဖြိုးပါတီမှ ပြင်းပြင်းထန်ထန် ကန့်ကွက်မည်

NVC ကိုင်ဆောင်သူများအား တစ်နိုင်ငံလုံးသွားလာခွင့်ပြုပါက ပြည်ခိုင်ဖြိုးပါတီမှ ပြင်းပြင်းထန်ထန် ကန့်ကွက်မည်
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ဧပြီ ၂၄ ။                          ။ NVC ကိုင်ဆောင်သူများအား တစ်နိုင်ငံလုံးသွားလာခွင့်ပြုပါက ပြည်ခိုင်ဖြိုးပါတီမှ ပြင်းပြင်းထန်ထန် ကန့်ကွက် သွားမည် ဖြစ်ပြီး နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့သွားမည်ဟု ပြည်ခိုင်ဖြိုးပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဖြစ်သည့် ဒေါက်တာနန္ဒာလှမြင့်က ပြောဆိုလိုက်သည်။

“ တကယ်ပဲ တစ်နိုင်ငံလုံးလွတ်လပ်စွာသွားလာခွင့်ပြုမယ်ဆိုရင် ကျွန်တော်တို့ပါတီအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ မကြာခင်လာမယ့် လွှတ်တော်မှာ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်သွင်းသွားမှာဖြစ်ပါတယ်”  ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

ဧပြီ ၂၄ ရက်၊ သံလွင်လမ်းတွင်ရှိသည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) ၏ ရန်ကုန်ဌာနချုပ် တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ပြန်ဝင်လာသူများကို NVC ကဒ် ကိုင်ဆောင်ပါက လွတ်လပ်စွာ သွားလာခွင့်ပြုမည်ဟု ပြောဆိုခဲ့ခြင်းအပေါ် ပြည်ခိုင်ဖြိုးပါတီမှ ကန့်ကွက်လိုက်ခြင်းဖြစ်သည်။

အဆိုပါ နိုင်ငံသားစိစစ်မှုသက်သေခံကတ်ပြား (National Verification Card - NVC) ကတ် ကိုင်ဆောင်ထား သူများအား လွတ်လပ်စွာသွားလာခွင့်ပြုသည်ဆိုသည်မှာ တစ်နိုင်ငံလုံး သို့မဟုတ် ရခိုင်ပြည်နယ်အတွင်းတွင် သွားလာခွင့်ပြုခြင်းလားဆိုသည်ကို တိတိကျကျသိလိုကြောင်းလည်း  ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

အဆိုပါကိစ္စအား ပြန်လည်စီစစ်နိုင်ရန် သမ္မတရုံးသို့ အိတ်ဖွင့်စာပေးပို့မည့်အပြင် လွှတ်တော်တွင်လည်း အရေးကြီးအဆိုအဖြစ် တင်သွင်းသွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှသိရသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကလည်း “ နိုင်ငံသားမဖြစ်သေးသူတွေကို နိုင်ငံသားအခွင့်အရေး ပေးစရာ မလိုဘူး” ဟု ဧပြီလ ၂၃ ရက်တွင် မဇ္ဈိမသို့ ပြောထားသည်။

NVC ကဒ်ကိုင်ဆောင်သူများကို တစ်နိုင်ငံလုံးတွင်လွွတ်လပ်စွာသွားလာခွင့်ပြုမည်ဆိုပါက တရားဥပဒေစိုးမိုးရေး ကိစ္စများအပြင် မလိုလားအပ်သော ပြသာနာများဖြစ်ပေါ်လာမည်ကိုလည်း စိုးရိမ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဘက် မှ ပြောဆိုခဲ့သည်။

ညီမျှခြင်းမြန်မာ လူမှုအဖွဲ့အစည်း၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက”လွတ်လပ်စွာသွားလာခွင့်ဆိုတာ ကုလသမဂ္ဂက အစဉ်တစိုက်တောင်းဆိုနေတဲ့အချက်ဖြစ်တာကြောင့် NVC ကတ်ကိုင်ဆောင်သူတွေကို ဒီလိုမျိုးလွတ်လပ်စွာသွားလာခွင့်ပြုလိုက်တာဟာ မြန်မာအစိုးရနဲ့ကုလသမဂ္ဂတို့အကြား ရခိုင်ပြည်နယ်အရေးမှာ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုသဖွယ် ရှုမြင်လို့ရလာနိုင်တာက မြန်မာနိုင်ငံအနေနဲ့ ရရှိတဲ့ အကျိုးအမြတ်တစ်ခုဖြစ်တယ်” ဟု မဇ္ဈိမသို့ ပြောထားသည်။

 ၂၀၁၅ ခုနှစ်အတွင်း၌ သက်တမ်းကုန်ဆုံးသွားပြီဖြစ်သည့် ၀ိှုက်ကတ်ခေါ် ယာယီသက်သေခံကတ်ပြားများ ပြန်လည်အပ်နှံထားသူများထဲမှ နိုင်ငံသားစိစစ်မှု ခံယူမည့်သူများအား NVC ကဒ် ထုတ်ပေးခြင်းလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required