ယီမင်၌ မင်္ဂလာပွဲကျင်းပနေစဉ် လေကြောင်းစီးနင်းတိုက်ခိုက်ခံရမှုကြောင့် လူဒါဇင်ပေါင်းများစွာသေဆုံး

ယီမင်၌ မင်္ဂလာပွဲကျင်းပနေစဉ် လေကြောင်းစီးနင်းတိုက်ခိုက်ခံရမှုကြောင့် လူဒါဇင်ပေါင်းများစွာသေဆုံး

ဆာနား၊ ယီမင်၊ ဧပြီ ၂၄ ။              ။ ယီမင်နိုင်ငံ၌ မင်္ဂလာဆောင်ပွဲကျင်းပနေစဉ်တွင် လေကြောင်းစီးနင်းတိုက်ခိုက်ခံခဲ့ရပြီး လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရကြောင်း ဒေသတွင်းအာဏာပိုင်များက တနင်္လာနေ့တွင်ပြောဆိုခဲ့ပြီး ဟွတ်သီသူပုန်များက ဆော်ဒီ ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များကို ယင်းလုပ်ရပ်အတွက် ပြစ်တင်ဝေဖန်ခဲ့သည်။

ယီနိုင်ငံမြောက်ပိုင်းနယ်မြေအများစုကို ထိန်းချုပ်ထားသော အီရန်တို့၏အထောက်အပံ့ကို ရယူထားသည့် ဟွတ်သီသူပုန်များက ပြီးခဲ့သောတနင်္ဂနွေနေ့ကဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုအတွက် ယီမင်အစိုးရ ကို အကူအညီပေးနေသော အာရပ်ညွန့်ပေါင်းတပ်ဖွဲ့ကို ဝေဖန်ပြစ်တင်ခဲ့ခြင်းဖြစ်သည်။

ဒေသတွင်းအာဏာပိုင်များနှင့် ဆရာဝန်များ၏အဆိုအရ သေဆုံးသူအရေအတွက်မှာ ၂၂ ဦးနှင့် ၃၃ ဦးတို့ကြား ရှိခဲ့ပြီး လူ ၅၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှု ကျူးလွန်ခဲ့သည့် အဓိကအကြောင်းရင်းမှာလည်း ရှင်းရှင်းလင်းလင်းမဖြစ်သေးကြောင်း သိရသည်။

မင်္ဂလာဆောင်ပွဲကို ဟွတ်သီသူပုန်များထိန်းချုပ်ရာ ဘာနီကွီရက်စ်ဒေသတွင် ကျင်းပနေခဲ့ခြင်းဖြစ်ပြီး တိုက်လေယာဉ်များက လေကြောင်းတိုက်ခိုက်မှုကျူးလွန်ခဲ့သည်ဟု ကယ်ဆယ်ရေးအဖွဲ့များက ပြောခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၃ဦးအပါအဝင် လူနာ ၄၅ ယောက်ထက်မနည်းကို ကုသမှုပေးနေရ ကြောင်း နယ်စည်းမခြားဆရာဝန်များအဖွဲ့က ၄င်းတို့အဖွဲ့၏တွစ်တာမှတဆင့် ကြေညာခဲ့သည်။

အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက တိုက်လေယာဉ်များသည် လူပေါင်းများစွာတက်ရောက်ခဲ့သော မင်္ဂလာပွဲကျင်းပရာ အဆောက်အဦးကို နှစ်ကြိမ်ခန့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အလောင်းအများအပြားမှာ အပျက်အစီးပုံများအောက်၌ ပိတ်မိနေကြောင်း ပြောဆိုခဲ့သည်။

ဟွတ်သီသူပုန်များထိန်းချုပ်နေသည့် အယ်လ်မာဆီရာရုပ်သံသတင်းဌာနကလည်း သေဆုံးသူမှာ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် ၃၃ ဦးထက်မနည်းရှိပြီး ၅၅ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတင်ပြခဲ့သည်။

ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာကီအယ်လ်မယ်လ်ကီကမူ ယင်းတိုက်ခိုက်မှုနှင့်ပက်သက်၍ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့သည်။

ရှီးအိုက်မွတ်စလင်များဖြစ်ကြသော ဟွတ်သီသူပုန်များကို လက်နက်များထောက်ပံ့ပေးနေသည်ဟု စွပ်စွဲခံထားရ သည့် အီရန်နိုင်ငံကမူ ယင်းတိုက်ခိုက်မှုနှင့်ပက်သက်၍ ညွန့်ပေါင်းအဖွဲ့အား ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required