တောင်တွင်းကြီးမြို့ ရတနာပွင့်လှ ကန်တော်ကြီးအတွင်း လူနှစ်ဦး ရေနစ်သေဆုံး

တောင်တွင်းကြီးမြို့ ရတနာပွင့်လှ ကန်တော်ကြီးအတွင်း လူနှစ်ဦး ရေနစ်သေဆုံး

မကွေး၊ ဧပြီ ၂၄ ။           ။ မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့ ၊ မောင်းတိုင်(၁)ရပ်ကွက်ရှိ ရတနာပွင့်လှကန်တော်ကြီးတွင် ဧပြီလ ၂၃ရက်နေ့ ၊ညနေ ၆ နာရီအချိန်ခန့်က လူနှစ်ဦး ရေနစ်သေဆုံးခဲ့သည်ဟု သိရသည်။

ရတနာပွင့်လှကန်တော်ကြီးအတွင်း ရေနစ်သေဆုံးခဲ့ကြသူများမှာ တောင်တွင်းကြီးမြို့ရွှေအိုး(၂)ရပ်ကွက် နေထိုင်သူများဖြစ်သည့် အောင်ချိုဦး(၄၁)နှစ်နှင့် ချစ်စန်းဝေ(၂၅)နှစ်တို့ ဖြစ်ကြသည်ဟု တောင်တွင်းကြီးမြို့မရဲစခန်းမှ သိရသည်။

သေဆုံးသူနှစ်ဦးသည် ၎င်းတို့နှင့် တစ်ရပ်ကွက်တည်း နေထိုင်ကြသူများဖြစ်သည့် ကိုတိုး၊ဂျမ်းလေးတို့နှင့်အတူ အရက်သေစာသောက်စားကြပြီး ရတနာပွင့်လှကန်တော်ကြီး၏ တံတားအရှေ့ဘက်(၁၅)ပေခန့်အကွာရှိ ရေအနက်(၁၂)ပေခန့် ရှိသော ရေပြင်တွင် ရေဆင်းချိုးရာမှ ရေနစ်ခဲ့ခြင်း ဖြစ်သည်။

အနီးနားပတ်ဝန်းကျင်ကို အကူအညီတောင်းခံ၍ ဆယ်ယူခဲ့ရာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ ရေနစ်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း တောင်တွင်းကြီးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

" ဧပြီလအတွင်း ရတနာပွင်​့လှကန်​​တော်​ကြီး ကန်​အတွင်​း​ရေနစ်​တာ ၃ ကြိမ်​​မြောက်​သွားပြီ ။ပထမအကြိမ်​သင်္ကြန်​အကျ​နေ့မှာ တစ်ဦး၊ ဒုတိယအကြိမ်​ သင်္ကြန်​အကြတ်​​နေ့မှာ တစ်​ဦး ၊ တတိယ​မြောက်​အကြိမ်​ဒီ​နေ့ နှစ်​ဦး စုစု​ပေါင်​း ၄ ဦး​ ရေနစ်​​သေဆုံးမှုဖြစ်​ပွားခဲ့တယ်၊ သက်​ဆိုင်​ရာ တာဝန်​ရှိသူ​တွေက သတ​ိ​ပေးဆိုင်​းဘုတ်တွေ တပ်​​ပေးကာ​ သေချာကြပ်​မတ်​​ပေးဖို့ လို့အပ်​​တယ်" ဟု အနီးရှိ ပတ်​၀န်​းကျင်​​ဒေသခံတစ်​ဦးက ပြောသည်​။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းတို့ (၂)ဦး ရေနစ်သေဆုံးခဲ့ခြင်းကို ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်ကို စစ်ဆေးနိုင်ရန်အတွက် ဒုရဲမှူးသိန်းထွန်းက တိုင်တန်းခဲ့သဖြင့် တောင်တွင်းကြီးမြို့မရဲစခန်းမ သေမှုသေခင်း အမှတ်စဉ် ၁၃/၂၀၁၈ ဖြင့် အမှုရေးဖွင့်၍ စစ်ဆေးဆောင်ရွက်လျှက်ရှိသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required