မလေးရှားတွင် အသတ်ခံရသော ဟားမတ်စ်နှင့် ဆက်နွှယ်သည့် အင်ဂျင်နီယာ ရုပ်အလောင်းအား ဂါဇာသို့ ပြန်သယ်မည်

မလေးရှားတွင် အသတ်ခံရသော ဟားမတ်စ်နှင့် ဆက်နွှယ်သည့် အင်ဂျင်နီယာ ရုပ်အလောင်းအား ဂါဇာသို့ ပြန်သယ်မည်

ကွာလာလမ်ပူ၊ ဧပြီ ၂၃ ။         ။ မလေးရှားနိုင်ငံတွင် ပစ်သတ်လုပ်ကြံခြင်း ခံရသည့် ဟားမတ်စ်နှင့် ဆက်နွယ်သော အင်ဂျင်နီယာနှင့် ပညာရှင်ဖြစ်သူ၏ ရုပ်အလောင်း မကြာမီ ဂါဇာသို့ သယ်ယူမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ ပါလက်စတိုင်း သံအမတ်ကြီးက ဧပြီ ၂၃ ရက်တွင် ပြောသည်။

ကွာလာလမ်ပူရှိ သံရုံးသည် ဖာဒီအယ်လ်ဘတ်ရှ်၏ ရုပ်အလောင်းအား ပြန်လည်သယ်ယူရေးအတွက် မလေးရှားနှင့် အီဂျစ်အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ရက်ပိုင်းအတွင်း သယ်ယူဖြစ်မည်ဟု သံအမတ်ကြီး အန်ဝါအက်ဂဟာက အီးပီအေသို့ ပြောသည်။

ဖာဒီဘတ်ရှ် သေဆုံးခြင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးလျက်ရှိနေပြီး မလေးရှားအာဏာပိုင်များကို အပြည့်အဝယုံကြောင်း အန်ဝါက ဆိုသည်။

ဖာဒီဘတ်ရှ်၏ အစ်ကိုဖြစ်သူလည်း မလေးရှားမြို့တော် ကွာလာလမ်ပူသို့ ရောက်ရှိလျက် ရှိသည်။

ဂါဇာ ဇာတိဖြစ်သူ အသက် ၃၅ နှစ်ရှိ ဖာဒီသည် ဧပြီ ၂၁ ရက်က ကွာလာလမ်ပူ မြောက်ဖက် ဂွမ်ဘတ်အရပ်က ဗလီအပြင်ဖက်တွင် အမည်မသိ မော်တော်ဆိုင်စီးသူ နှစ်ဦးက ပစ်ခတ်၍ နေရာတွင်ပင် သေဆုံးခြင်း ဖြစ်သည်။

ပါလက်စတိုင်းအစ္စလာမ် လှုပ်ရှားမှု ဟားမတ်စ်အဖွဲ့က မလေးရှားရှိ ပုဂ္ဂလိက သိပ္ပံကျောင်းတစ်ကျောင်းတွင် အီလက်ထရောနစ် အင်ဂျင်နီယာပညာ သင်ပြနေသာ ဖာဒီ သတ်ဖြတ်ခံရမှု နောက်ကွယ်တွင်  အစ္စရေးပါဝင်နေသည်ဟု စွပ်စွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly