လှိုင်သာယာထိန်ပင်အမှိုက်ပုံ မီးလောင်မှုနှင့် နီးကပ်၍ YBS ၂၀ နှင့် ၈၃ ယာယီရပ်နားနိုင်

လှိုင်သာယာထိန်ပင်အမှိုက်ပုံ မီးလောင်မှုနှင့် နီးကပ်၍ YBS ၂၀ နှင့် ၈၃ ယာယီရပ်နားနိုင်
ဓာတ်ပုံ-YBS ၂၀

ဧပြီ ၂၃ ။         ။ ၃ ရက်ကြာ လောင်ကျွမ်းနေဆဲဖြစ်သည့် ထိန်ပင်အမှိုက်ပုံကြောင့် လှိုင်သာယာယာဉ်လိုင်းများအား ယာယီရပ်နားရန် ဖြစ်ပေါ်လာနိုင်ပြီး ယာယီရပ်နားပါက အချိန်မီ ကြိုတင်အသိပေးသွားမည်ဟု YBS ၂၀ မှ ထုတ်ပြန်ထားသည်။

အဆိုပါ လှိုင်သာယာ ထိန်ပင်အမှိုက်ပုံမီးသည် ယာဉ်စီးရေ ၅၀၀ ခန့် ရပ်နားထားသော ယာဉ်ရပ်နားဝန်းနှင့် နီးကပ်လျက်ရှိပါသဖြင့် အရေးပေါ် ယာဉ်များ နေရာရွှေ့ပြောင်းခြင်းများ ပြုလုပ်ရမည်ဆိုပါက ယာဉ်မောင်း အခက်အခဲများကြောင့် YBS ၂၀ နှင့် YBS ၈၃ ယာဉ်လိုင်းများအား ယာယီရပ်နားရန် ဖြစ်ပေါ်လာနိုင်ကြောင်း YBS ၂၀ မှ ဧပြီလ ၂၃ ရက်တွင် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်သုဿန်အနီးရှိ ဧရိယာစတုရန်း ၃၀၀ ခန့်ရှိသော အမှိုက်ပုံသည် ဧပြီ၂၁ ရက် ၁၂နာရီ ၃၀ အချိန် ခန့်မှစတင်၍ မီးလောင်မှုဖြစ်ပွားလျက်ရှိရာ ဧပြီ ၂၃ ရက် လက်ရှိအချိန်ထိ ဧရိယာစတုရန်း ၁၀၀ခန့် မီးလောင်ကျွမ်းနေပြီးမီးခိုးငွေ့များ အများအပြား ပျံ့နှံ့လျှက်ရှိသည်။

YBS ၂၀ သည် ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှ သိမ်ဖြူ၊ တာမွေ၊ မြေနီကုန်း၊ ကြည့်မြင်တိုင် တို့ကိုဖြတ်ကာ လှိုင်သာယာသို့ ပြေးဆွဲနေပြီး YBS ၈၃ ယာဉ်လိုင်းကို  လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးမှ ဘုရင့်နောင်လမ်းဆုံ၊ သမိုင်း၊ ရှစ်မိုင် ယင်းမှတစ်ဆင့် ဧရာဝဏ်လမ်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ထိ   ပြေးဆွဲပေးနေသည်။

Omni Focus General Service ကုမ္ပဏီလိမိတက်သည် YBS မြို့တွင်းပတ် ယာဉ်လိုင်း ၅၆၊ မြို့တွင်းချိတ်ဆက် ယာဉ်လိုင်း ၂၀ နှင့် ၈၃ အစရှိသည့်ယာဉ်လိုင်းများကို တာဝန်ယူ ပြေးဆွဲပေးနေသော ကုမ္ပဏီ ဖြစ်သည်။

လက်ရှိတွင် ထိန်ပင်အမှိုက်ပုံမီးလောင်ကျွမ်းနေမှုကို ထိန်းချုပ်နိုင်ရန် မီးသတ်ကား ၁၂ စီး ရေသည်ယာဉ် ၄ စီး ဖြင့်ဆောင်ရွက်နေကြောင်း သိရပြီး ထွက်ရှိလာသည့်မီးခိုးများကြောင့် လှိုင်သာယာပတ်ဝန်းကျင်ရှိ မြို့နယ် ရပ်ကွက်အချို့ကို ပျံ့နှံ့လာသောကြောင့် လေထုညစ်ညမ်းကာ အသက်ရှုမဝမှုများ ပြည်သူများအနေဖြင့် ခံစားနေရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags