ဒုရဲမှူး မိုးရန်နိုင်ကိစ္စ လူ့အခွင့်အရေးကော်မရှင်မှ ပြည်ထဲရေးသို့ မေတ္တာရပ်ခံစာပို့

.

ရန်ကုန်၊ ဧပြီလ ၂၃ ။         ။ ဒုရဲမှူးမိုးရန်နိုင်ကိစ္စနှင့် ပက်သက်၍ အမှုရင်ဆိုင်နေဆဲကာလတွင် မိသားစုနှင့် တွေ့ခွင့် အပါအ၀င် အခြေခံ လူ့အခွင့်အရေးများ အပြည့်အ၀ပေး ရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ မေတ္တာရပ်ခံသည့်စာတစ်စောင် ပေးပို့ခဲ့ကြောင်း သိရသည်။

တရားရင်ဆိုင်နေဆဲဖြစ်တဲ့ကာလဖြစ်သည့်အတွက်  မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ၀င်ရောက် စွက်ဖက်၍မရသောကြောင့် လူအခွင့်အရေး ကော်မရှင်၏ စုံညီအစည်းအဝေးအပြီး မေတ္တာရပ်ခံစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောခြင်းဖြစ်သည်။

" ဒုရဲမှူးမိုးရန်နိုင်က သူ့မိသားစုကိုတော့ တွေ့ခွင့်မရဘူးလို့ကြားတယ်လေ။ တိုင်စာထဲမှာလည်းတွေ့ရတယ်။ မိသားစုနဲ့ တွေ့ခွင့်ပေးဖို့ အပါအ၀င် သူတို့ရဲ့အခြေခံလူ့အခွင့်အရေးတွေပေါ့။ အခြေခံလူ့အခွင့်အရေး ဆိုတာ အစုံပေါ့။ ဒါတွေကို ထိခိုက်မှုမရှိစေဖို့ဆိုပြီး ပြည်ထဲရေးဝန်ကြီးဌာနကို အန်ကယ်တို့ မေတ္တာရပ်ခံစာ တစ်စောင် ပို့လိုက်တယ်။ ပို့ပြီးတဲ့နောက်မှာ ဒါနဲ့ပတ်သက်ပြီး ဆောင်ရွက်ပြီးလို့ ရှိရင် ပြန်ကြားပေးပါလို့လည်း မေတ္တာ ရပ်ခံထားတယ် " ဟု ၄င်းက ဆိုသည်။

ရိုက်တာသတင်းထောက် ၂ ဦးကို ထောက် ချောက်ဆင် ဖမ်းဆီးဖို့အတွက် ရဲမှူးချုပ်တင်ကိုကိုက ဦးစီး ကွပ်ကဲခဲ့ခြင်း ဖြစ်သည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည့် ဒုရဲမှူးမိုးရန်နိုင်အနေဖြင့် ချုပ်ရက် ရက်ပေါင်း ၁၂ဝ ကျော် ဖမ်းချုပ်ခံထားရပြီး မိသားစုနှင့် တွေ့ခွင့်မရသေးခဲ့ခြင်းလည်းဖြစ်သည်ဟု တရားခံရှေ့နေက ပြောဆိုခဲ့သည်။

အမှုရင်ဆိုင်နေဆဲကာလမှာ  ဒုရဲမှူး၏ဇနီးကိုလည်း ပြီးခဲ့သည့် ဧပြီ ၂၁ ရက်နေ့ မနက်ပိုင်းက နေထိုင်ရာ ရဲလိုင်းခန်းကနေ ဖယ်ရှားပေးဖို့ ပြည်ထဲရေးက အကြောင်းကြားခဲ့သည်။

ဖယ်ရှားခိုင်းရခြင်းအကြောင်းမှာ ဒုရဲမှုးမိုးရန်နိုင်အနေဖြင့် နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှ ရန်ကုန်၊ ပျဉ်းမပင်တွင် ရှိသည့် အမှတ် ၈ လုံခြုံရေး ရဲတပ်ရင်းသို့ လွန်ခဲ့သည့် ၉ လခန့်ကတည်းက ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက ပြောဆိုထားသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့်လည်း တရားရင်ဆိုင်နေဆဲကာလတွင် ၀င်ရောက် စွက်ဖက်ခွင့်မရှိတာကြောင့် အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး ပြည်ထဲရေးမှ အကြောင်းကြားစာကို စောင့်မျှော် ရမည် ဖြစ်သည်ဟု ဦးယုလွင်အောင်က ပြောသည်။

အကယ်၍ ပြည်ထဲရေးဝန်ကြီးဌာကနေ ရက် ၃၀ အတွင်း အကြောင်းကြား စာပြန်မရပါက နောက်ထပ် စာ တစ်စောင် ပေးပို့သွားမည်ဟု လူ့အခွင့်အရေးကော်မရှင်မှ သိရသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့်ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို လက်ဝယ် တွေ့ရှိခဲ့သည်ဟု ဆိုကာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ရိုက်တာသတင်းထောက် နှစ်ယောက် ဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦး အပါအ၀င် ဒုရဲမှူး မိုးရန်နိုင် ၊ ရဲတပ်ကြပ်ကြီး ခင်မောင်လင်း တို့ကို ဖမ်းဆီးထားခြင်းလည်း ဖြစ်သည်။