ကဘူးလ်မြို့ ဗုံးခွဲတိုက်ခိုက်မှု သေဆုံးသူ ၅၇ ဦးထိ မြင့်တက်

ကဘူးလ်မြို့ ဗုံးခွဲတိုက်ခိုက်မှု သေဆုံးသူ ၅၇ ဦးထိ မြင့်တက်

ဧပြီ ၂၃ ။            ။ ဧပြီလ ၂၂ ရက်က အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ မဲဆန္ဒရှင် မှတ်ပုံတင်ရေး စင်တာတစ်ခု အသေခံဗုံးခွဲတိုက်ခိုက်ခံရမှုဖြစ်စဉ်ကြောင့် ယခုအခါ သေဆုံးသူဦးရေသည် ကလေးငယ်များအပါအဝင် စုစုပေါင်း ၅၇ ဦးထိ ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ယင်းဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသူဦးရေ  ၁၀၀ ကျော် ရှိသွားပြီ ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ကြသူများကို ယနေ့ ဧပြီ ၂၃ ရက်တွင် ၎င်းတို့၏ ဆွေမျိုးမိသားစုများက စျာပနအခမ်းအနားများ ကျင်းပပေးခဲ့ကြသည်။

ဧပြီ ၂၂ ရက် တနင်္ဂနွေနေ့ မနက်ပိုင်းက မြို့အနောက်ပိုင်းရှိ မဲဆန္ဒရှင် မှတ်ပုံတင် စင်တာတစ်ခုကို ပစ်မှတ်ထားပြီး အသေခံဖောက်ခွဲရေးသမားတစ်ဦးက ဖောက်ခွဲတိုက်ခိုက်သွားခဲ့ခြင်း ဖြစ်သည်။

ရှီးအိုက် အများစု နေထိုင်သည့် အဆိုပါ မြို့ဧရိယာတွင် ဖြစ်ပွားခဲ့သော ယင်း တိုက်ခိုက်မှုမှာ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း အစ္စလမ္မစ်နိုင်ငံတော် (အိုင်အက်စ်) အဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly