FDA ဝန်ထမ်းအမျိုးသမီး သေဆုံးခဲ့သောအမှု မျိုးဇော်ဦး(ခ) ဆီဒိုးနားဆိုသူအား စွဲချက် တင်၊ မတင် အမိန့်ချမည်

FDA ဝန်ထမ်းအမျိုးသမီး သေဆုံးခဲ့သောအမှု မျိုးဇော်ဦး(ခ) ဆီဒိုးနားဆိုသူအား စွဲချက် တင်၊ မတင် အမိန့်ချမည်
ဓာတ်ပုံ - ရန်ကုန်တိုင်းရဲတပ်ဖွဲ့

 

ရန်ကုန်၊ ဧပြီလ ၂၃ ။          ။ FDA ဝန်ထမ်း ဒုတိယဦးစီးမှူး အမျိုးသမီး အဓမ္မပြုကျင့်အသတ်ခံခဲ့ရသည့်အမှုတွင် တရားရင်ဆိုင်နေရသည့် မျိုးဇော်ဦး(ခ) ဆီဒိုးနားဆိုသူအား လာမည့်ဧပြီလ ၃ဝ ရက်နေ့ ရုံးချိန်းတွင် စွဲချက်တင်၊ မတင်အမိန့်ချမည်ဖြစ် ကြောင်းသိရသည်။

ယနေ့ ဧပြီလ ၂၃ ရက်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် မျိုးဇော်ဦး(ခ) ဆီဒိုးနားဆိုသူအား ၁ဝ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေများအဖြစ် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တရားရုံးမှ တွဲဖက်မြို့နယ် တရားသူကြီး ဒေါ်သီတာကျော်နှင့် ဒေါ်အဲမွန်သက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးခိုင်ဦးတို့ ၃ ဦးကို စစ်ဆေးခဲ့သည်။

ထိုသို့ တရားလိုသက်သေ ၃ ဦးကို စစ်ဆေးအပြီး ခရိုင်တရားသူကြီးက လာမည့် ဧပြီလ ၃ဝ ရက်နေ့တွင် မျိုးဇော်ဦးအား စွဲချက်တင်၊ မတင် အမိန့်ချသွားမည်ဖြစ်ပြီး၊ စွဲချက်တင်ပါက မည်သည့်ပုဒ်မများဖြင့် စွဲချက် တင်သွားမည်ကို အမိန့်ချသွားမည်ဖြစ်ကြောင်း တရားခွင်အတွင်း ပြောသည်။

ယင်းအမှုအား စစ်ဆေးရန်အတွက် တရားလိုပြသက်သေ ၃၅ ဦးအထိ တင်သွင်းထားပြီး လိုပြသက်သေ ၂ ဦး စစ်ဆေးရန် ကျန်ရှိသေးသော်လည်း ထိုသက်သေ ၂ ဦးမှာ အဝေးရောက်နေသဖြင့် အမှုမှ ပယ်လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

“ သက်သေက တရားလိုဘက်က ကုန်ပြီ။ နောက်တစ်ချိန်း စွဲချက်တင်ပြီးရင်၊ တရားခံအစစ်ခံ။ ပြီးရင် ခံပြ သက်သေတင်၊ နောက်တစ်ချိန်းဆိုရင် အမိန့်ချပြီ။ ခံပြသက်သေက သူ့ဦးလေးက လိုက်မယ်တဲ့။ လိုက်မယ် ဆိုတာ သေချာသွားပြီ ရဟန်းဝတ်ကနေထွက်လိုက်ပြီတဲ့”ဟု မျိုးဇော်ဦး(ခ) ဆီဒိုးနားဘက်မှ လိုက်ပါဆောင် ရွက်သူ အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က မြောက်ဥက္ကလာပဆေးရုံမှ မှုခင်းဆရာဝန်ကြီး၊ အထူးကုဆရာဝန် ဒေါက်တာထွန်းလင်းထွန်းက လာရောက်ထွက်ဆိုခဲ့ရာတွင် ဆေးစစ်ချက်အရ အမျိုးသမီး အင်္ဂါအတွင်း ထိုးသွင်းထားသောလက္ခဏာ ရှိသော်လည်း သုတ်ပိုးမတွေ့ရကြောင်း တရားခွင်တွင် ထွက်ဆို ခဲ့သည်။

မျိုးဇော်ဦးဆိုသူကိုလည်း ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ခေါ်ယူ ဆေးစစ်ချက်အရ မျိုးဇော်ဦး ခန္ဓာကိုယ်ပေါ်၌ ပြင်ပဒဏ်ရာများ တွေ့ရှိရပြီး အမျိုးသားသုတ်ပိုးကိုမှု တွေ့ရှိခြင်းမရှိကြောင်း မှုခင်းဆရာဝန်က ထွက်ဆိုခဲ့သည်။

FDA ဝန်ထမ်းအမျိုးသမီး သေဆုံးရခြင်း အဓိကအချက်မှာ မှုခင်းဆရာဝန်ထွက်ဆိုချက်အရ လည်ပင်းပတ် လည်အား တင်းကြပ်အောင် ဖိနှိပ်ခံထားရသည့်အတွက် လည်ပင်းအရှေ့ဘက် အရိုးငယ်ကျိုးတဲ့ဒဏ်ရာ၊ လည်ပင်းကြွက်သားတွင် သွေးသွန်၊ သွေးခြေဥ၊ ဖူးရောင်မှုများ တွေ့ရှိရကြောင်း သိရသည်။ ထို့ပြင် ရင်ဘတ် ဖူးရောင်ဒဏ်ရာများတွေ့ရကာ ရင်ညွှန့်မှာ ကျိုးနေသည့်အတွက် လည်ပင်းနှင့်လည်ပင်းအောက်ရှိ အသက်ရှုပြွန်များ ပိတ်ဆို့နေပြီး အသက်မရှုနိုင်ခြင်း၊ အဆုတ်နှင့် ရင်ခေါင်းကြွက်သားများ အလုပ်မလုပ်နိုင်ခြင်း ကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly