ပြည်သူပိုင်အသိမ်းခံထားရသော ၀ဇီရာရုံကို မူလပိုင်ရှင်ဆိုသူက ပြန်လည်ရရှိရန် တောင်းဆို

ပြည်သူပိုင်အသိမ်းခံထားရသော ၀ဇီရာရုံကို မူလပိုင်ရှင်ဆိုသူက ပြန်လည်ရရှိရန် တောင်းဆို

ရန်ကုန်၊ ဧပြီ ၂၃ ။           ။ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်လမ်းပေါ်တွင်ရှိသည့် ၀ဇီရာရုပ်ရှင်ရုံကို မူလပိုင်ဆိုင်သည့် မိသားစုဝင်တစ်ဦးက လျှော်ကြေးငွေနှင့်မြေ ပြန်လည်အစားထိုးပေးရန် အစိုးရသို့ ယနေ့ ဧပြီလ ၂၃ ရက်တွင် တောင်းဆိုခဲ့သည်။

ဧပြီလ ၂၃ ရက်နေ့၌ ပုဇွန်တောင်မြို့နယ်ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲပြု လုပ်ကာ မူလပိုင်ဆိုင်ခဲ့သည့် မိသားစုဝင်ဖြစ်သူ ဒေါက်တာမြတ်မင်းထိုက်က   တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့တောင်းဆိုရာတွင် ပိုင်ဆိုင်ကြောင်း အထောက်အထားနှင့်စာတမ်းများရှိသည်ဟု သိရပြီး ဒီမိုကရေစီအစိုးရလက်ထက်တွင် ပြန်ရရှိရန်မျှော်လင့်ထားကြောင်း ဒေါက်တာမြတ်မင်းထိုက်က ပြောသည်။

“ အစိုးရပြောင်းလဲသွားတဲ့အတွက်ကြောင့် ကျွန်တော်အများကြီးမျှော်လင့်ပါတယ် ။ ဘာလို့ဆိုတော့ ဒီမိုကရေစီအစိုးရ ဆိုတော့ ဥပမာဗျာ ဘူဂေးရီးယားအစိုးရဆိုရင်   ပြည်သူပိုင်သိမ်းခဲ့တဲ့ အဆောက်အဦတွေ ပြန်ပေးတယ် နှစ်ပေါင်းများစွာကြာတော့မှ။  သာဓကတွေလည်းရှိခဲ့တယ် တခြားနိုင်ငံတွေမှာ။ ဒီနိုင်ငံအစိုးရလည်း ပြည်သူတွေနစ်နာတာကိုပြန်ပြီးတော့ စဉ်းစားမယ်ဆိုတာ ကျွန်တော် တော်တေ်ာလေး ယုံပါတယ်"ဟု မူလပိုင်ဆိုင်ခဲ့သည်ဟု ဆိုသော မိသားစုဝင်ဖြစ်သူ ဒေါက်တာမြတ်မင်းထိုက်က ပြောသည်။

၀ဇီရာရုပ်ရှင်ရုံကို ၁၉၅၆ ခုနှစ် ဇူလိုင်လတွင် ၄င်း၏အဖွားတော်စပ်သူ ဒေါ်ညွှန့်ရင်နှင့် အမေ ဒေါ်ခင်ဆွေမြင့် တို့က ကာလပေါက်စျေး ကျပ် ၈ သိန်းဖြင့် ၀ယ်ယူခဲ့သည်ဟုဆိုသည်။ ၁၉၆၈ ခုနှစ် ဒီဇင်ဘာလ ၁၂ရက်နေ့တွင် ပြည်သူပိုင်အဖြစ် အသိမ်းဆည်းခံခဲ့ရကာ ၀ဇီရာရုပ်ရှင်ရုံနှင့် ပတ်သတ်၍ လျှော်ကြေးငွေနှင့်မြေ ယခုအချိန်အထိ အစားထိုးပြန်ရရှိခဲ့ခြင်းမရှိကြောင်း ဒေါက်တာ မြတ်မင်းထိုက် က ပြောသည်။

မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ ဦးသန်းဦးက မူရင်းစာချုပ်များ၊ စာရွက်စာတမ်း များရှိနေသဖြင့် ထိုကဲ့သို့တောင်းဆိုမှုမျိုး လုပ်ပိုင်ခွင့်ရှိကြောင်း ပြောသည်။

"ကိုယ်တစ်ကယ်ပိုင်မှုမှန်ကန်ဖို့ပဲလိုတယ်။ ကိုယ့်နာမည်ပေါက်မဟုတ်ရင်တောင်မှ ကိုယ်မိဘ ဆွေမျိုး မှန်မှန်ကန်ကန် ဟုတ်တယ်ဆိုရင် ဆက်ခံခွင့်နဲ့ သူ့အနေနဲ့ တောင်းဆိုပို်င်ခွင့်ရှိတယ်လေ"ဟု ဦးသန်းဦး က ပြောပြသည်။

လက်ရှိအချိန်တွင် ၀ယ်ယူခဲ့သည့် အဖွားနှင့်အမေသည် သက်ရှိထင်ရှားမရှိတော့သော်လည်း ၄င်း၏အဖေမှာ သက်ရှိထင်ရှားရှိနေဆဲဖြစ်သည်ဟု ဆိုသည်။ ၀ဇီရာရုပ်ရှင်ရုံနှင့်ပတ်သတ်၍ အစိုးရအဆက်ဆက် တင်ပြတောင်းဆိုကာ အခြေအနေမပြောင်းလဲသော်လည်း အစိုးရမှပြန်ပေးမည်ကို လက်ရှိအချိန်အထိ မျှော်လင့်နေဆဲဖြစ်သည်ဟု ဒေါက်တာ မြတ်မင်းထိုက်က ဆိုသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၂၃ ကြိမ်မြောက်၌ စည်ပင်သာယာ မှ ငှားရမ်းထားသည့် ဆိုင်ခန်းများနှင့်ပတ်သတ်၍ ဒဂုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆွေးနွေးရာတွင် ၀ဇီရာရုပ်ရှင်ရုံအား ငှားရမ်းထားခြင်းမရှိကြောင်း တွေ့ရသည်။

ထို့အပြင် ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံ ၁၄ ရုံ နှင့် ဆိုင်ခန်းများငှားခမှ တစ်လလျှင် ၁၃၅ သိန်း ရရှိနေသည်ကို တွေ့ရှိခဲ့ရပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၇ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့တွင် ရုပ်ရှင်ရုံများကို တစ်လ ၂၄၁ သိန်းနှင့် ဆိုင်ခန်းများကို တစ်လ ၃၀.၅၃၁ သိန်းသို့ တိုးမြှင့်ခဲ့သည်ဟု ဦးကျော်ဇေယျက တိုင်းလွှတ်တော်တွင် ထောက်ပြခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required