ဘာကြောင့် ယောင်္ကျားလေးတွေ အပြာကား ကြိုက်ကြတာလဲ

ဘာကြောင့် ယောင်္ကျားလေးတွေ အပြာကား ကြိုက်ကြတာလဲ

ရေးသားသူ Arkar Hein
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ညတိုင်းလိုလိုမှာ ဇနီး ဖြစ်သူ ကိတ်တစ်ယောက် အိပ်ယာဝင်သွားတာနဲ့ Tom တစ်ယောက် Internet မှာ အပြာရုပ်ရှင်ကားတွေကို ရှာဖွေလှန်လှောကြည့်ရှုပါတော့တယ်။ ဒါကိုလည်း ကိတ်က သူတို့လင်မယား စုံတွဲကုသမှု ဒုတိယ အကြိမ်မှာမှ သိခဲ့တာ ဖြစ်ပါတယ်။ တွမ်ကတော့ ဒီလို ညဘက်မှာ အပြာ ဇာတ်ကားတွေ ကြည့်ရှုတာက သူတို့ ဇနီးမောင်နှံရဲ့ လိင်မှုဘဝနဲ့ ဘာမှ ပတ်သတ်မှုမရှိဘူးလို့ဆိုပေမဲ့ ကိတ်ကတော့ တွမ်တစ်ယောက် သူမထက် အပြာရုပ်ရှင် ဇာတ်ကားတွေကိုပိုပြီး စွဲလန်းသွားမလားလို့ စိုးရိမ်နေမိပါတယ်။

ဒါက အမျိုးသမီးတွေရဲ့ ပုံမှန်တုံ့ပြန်ချက်ပါပဲ။

” အဖော်ဖြစ်သူ က အပြာဇာတ်ကားတွေကို စိတ်ဝင်စားနေတယ်ဆိုရင် တစ်ခြားတစ်ယောက်က ဒါဟာ ပြဿနာ လို့ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီလို ပြဿနာ ဖြစ်တာမျိုးက တော်တော်ရှားပါတယ်။ လေ့လာချက်တွေအရတော့ အပြာကားကြည့်ရှုသူ ၅ ရာခိုင်နှုန်း လောက်ကပဲ သူတို့ရဲ့ နေ့စဉ်ဘဝတွေမှာ ပြဿနာ တက်လေ့ရှိကြပါတယ်။ ” လို့ မီချီဂန် ပြည်နယ်မှ စိတ်ပညာရှင်နဲ့ လိင်မှုဗေဒဆိုင်ရာ ကျွမ်းကျင်သူ ရပ်ဆဲလ် စတန်းဘော့ (Russell Stambaugh) ကဆိုပါတယ်။

ဒါဟာ တကယ့် သတင်းကောင်းပါပဲ။ ဘာကြောင့်ဆိုတော့ လူတော်တော်များများက အပြာဇာတ်ကားတွေကို ကြည့်တတ်ကြပါတယ်။

Pew Internet & American Life Project အဖွဲ့ရဲ့ လေ့လာချက်တစ်ခု အရ အင်တာနက်အသုံးပြုသူ အမျိုးသား ၂၆ % ရာခိုင်နှုန်းဟာ အပြာဇာတ်ကား Website တွေမှာ ကြည့်ရှုတတ်ကြပြီး အမျိုးသမီးတွေကတော့ ၃ ရာခိုင်နှုန်းခန့်သာ Website တွေမှာ ကြည့်ရှုကြတယ် သိရပါတယ်။ အပြာဇာတ်ကားစီးပွားရေးလုပ်ငန်းက ဘယ်လောက်ကြီးသလဲဆိုရင် ၂၀၀၆ ခုနှစ်မှာ အပြာဇာတ်ကား လုပ်ငန်းတွေရဲ့ ဝင်ငွေက ၁၃ ဘီလီယံဒေါ်လာအထိ ရှိခဲ့ပါတယ်။

ယောက်ျားလေးတွေနဲ့ အပြာရုပ်ရှင်။ (ဆင့်ကဲ့ ဖြစ်ပေါ်လာတဲ့ ဆက်နွယ်မှု)

အမျိုးသမီးအများစု အတွက်တော့ အပြာဇာတ်ကားကြည့်ခြင်းဟာ စိုးရိမ်စရာ မလိုပါဘူး။

“ အမျိုးသမီး တစ်ချို့ကတော့ သူတို့ရဲ့ ခင်ပွန်းတွေ အပြာဇာတ်ကားများကြည့်တဲ့ အခါ သူတို့က အပြာမင်းသမီးတွေလောက် မလှလို့လားဆိုပြီး စိုးရိမ်မှုကို ခံစားတတ်ကြပါတယ်။ ဒါပေမဲ့ အပြာကားတွေကြောင့် အမျိုးသားတွေ ဖောက်ပြန်တာ မဟုတ်ပါဘူး။ အပြာကားတွေဟာ ရုပ်ဖော်ဇာတ်လမ်းတွေသာ ဖြစ်ပြီး လိင်စိတ်ဆန္ဒကို နှိုးဆွပေးတဲ့ အရာတွေ သာ ဖြစ်ပါတယ်။ ” လို့ ဆန်ဖရန်စစ်စကိုမြို့ရှိ လိင်မှုဆိုင်ရာ ကုထုံးပညာရှင် ဒေါက်တာ လီယွန်နီ ဘာဘက်ချ် (Lonnie Barbach) ကဆိုပါတယ်။

ဒါပေမဲ့ မေးစရာ မေခွန်းတွေတော့ ကျန်ပါသေးတယ်။ ဘာကြောင့် အမျိုးသား အများစုက အဝတ်အစားမပါတဲ့ လူတွေရဲ့ ဓာတ်ပုံ၊ ပန်းချီတွေကို ကြည့်ရတာ ကြိုက်ကြတာလဲ။ ဒါကလည်း ဖြေရတာ လွယ်တဲ့ မေးခွန်းတစ်ခုတော့ မဟုတ်ပါဘူး။ အပြာရုပ်ရှင်ကားကြည့်လို့ ဖြစ်လာတဲ့ လိင်စိတ်ဆန္ဒဟာ ဦးနှောက် အစိတ်အပိုင်းများစွာနဲ့ ဆက်နွယ်နေပါတယ်။ လတ်တလာ သီအိုရီ တစ်ခုကတော့ လိင်ဆက်ဆံချိန်နဲ့ အပြာကားကြည့်ရှုချိန်မှာ အမျိုးသား လိင်စိတ်တက်ကြွရာမှာ အရေးပါတဲ့ ဦးနှောက် နူရွန်ဆဲလ်များ စတင် လှုပ်ရှားတယ်လို့ ဆိုပါတယ်။

စတန်းဘော့ကတော့ ဒီအချက်ကို ဆင့်ကဲ့ ဖြစ်စဉ်အနေနဲ့ ပြောထားပါတယ်။ အမျိုးသားတွေရဲ့ ဦးနှောက်ဟာ လိင်စိတ်အမြန်နိုးကြွစေဖို့အတွက် ဖွဲ့စည်းထားတာ ဖြစ်ပြီး ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် လိင်မှုကိစ္စ အတွက် အမြဲတမ်း အဆင်သင့်ဖြစ်နေပါတယ်။ ဒါဟာ လူသားမျိုးနွယ်အတွက် မျိုးပွားမှု ဆိုင်ရာ ဆင့်ကဲ့ ဖြစ်စဉ်တစ်ရပ်လည်း ဖြစ်ပါတယ်။

နောက်ပိုင်း ကိတ်တစ်ယောက် အပြာရုပ်ရှင်ကားများဟာ သူမရဲ့နေရာကို အစားထိုးနေတာ မဟုတ်ကြောင်းသိရတဲ့ အခါမှာတော့ တွမ်ကလည်း သူ့အလေ့အကျင့်အပေါ် ရှက်ရွံ့စိတ် နည်းသွားပါတော့တယ်။ ဒါ့အပြင် သူတို့ ဇနီးမယားနှစ်ယောက်လုံးကလည် သူတို့ရဲ့ လိင်မှုဘဝကို ပိုပြီး ပွင့်လင်းစွာပြောဆိုလာကြပါတော့တယ်။ ဒါ့အတွက်ကြောင့် လိင်မှုကိစ္စပိုပြီး အသစ်အဆန်းတွေ လုပ်လာကြပြီး သာယာမှုကို ပိုခံစားရလာကြတယ်လို့ဆိုပါတယ်။

စတန်းဘော့ကတော့ “ အပြာရုပ်ရှင်ဟာ ပြဿနာ မဟုတ်ပါဘူး။ ပြဿနာက သင် သင်အဖော်နဲ့ ဘယ်လိုစကားပြောသလဲဆိုတာနဲ့ ကိုယ်ရဲ့ ခံစားချက်တွေကို တစ်ခြားတစ်ယောက်ထံ ဘယ်လို ထုတ်ဖော်ပြသလဲဆိုတာက ပြဿနာပါ။ ” လို့ဆိုပါတယ်။

အပြာရုပ်ရှင်ကားများကို စူးစမ်းကြည့်ခြင်း။

သင်ဟာ အပြာရုပ်ရှင်တွေကြည့်ရတာ ကြိုက်နှစ်သက်သူ တစ်ယောက်ဖြစ်မယ်ဆိုရင် ဒီလို ကြည့်တဲ့ အကျင့်ကနေ သင်ရဲ့ အိမ်ထောင်ရေးမှာ ကောင်းကျိုးတွေ ဖြစ်လာဖို့ အောက်ပါ အချက်တွေကို လိုက်နာသင့်ပါတယ်။

အမျိုးသမီးကို ရွေးချယ်ခွင့်ပေးပါ။

အပြာဇာတ်ကားတွေကို အတူတကွ ကြည့်လိုတဲ့ စုံတွဲတွေအနေနဲ့ ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။ အမျိုးသားများဟာ လွယ်လွယ်ကူကူနဲ့ လိင်စိတ်ခံစားမှု တိုးမြှင့်နိုင်တာကြောင့် အရေးကြီးတာကတော့ အမျိုးသမီး ဘာကို ကြိုက်နှစ်သက်သလဲဆိုတာရှာဖွေဖို့လိုပါတယ်။

လုံခြုံရေးဟာ ပထမ။

အပြာရုပ်ရှင်ကားတွေမှာ အန္တရာယ်မကင်းတဲ့ လိင်မှုကိစ္စတွေကို လုပ်နေကြတာဟာ ပုံမှန်ဖြစ်ပါတယ်။ ဒါပေမဲ့ အိပ်ယာထဲမှာတော့ လုံခြုံစိတ်ချရတဲ့ လိင်မှုကိစ္စကိုသာပြုလုပ်သင့်ပါတယ်။

အချိန်နဲ့ ငွေကြေး။

အပြာရုပ်ရှင်ကားများအတွက် သင် ပိုက်ဆံ (သို့မဟုတ်) အချိန် အရမ်း အကုန်ခံနေပြီဆိုရင် သင့်မှာ အိမ်ထောင်ရေးပြဿနာတွေနဲ့ အလုပ်ပြုတ်သွားတာမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

အပြာရုပ်ရှင်ကားများက စွဲလမ်းစေနိုင်သလား။

အပြာရုပ်ရှင်ကားများဟာ ဦးနှောက်အပေါ် အဆိပ်အတောက်ဖြစ်စေနိုင်ပြီး ကိုကင်း သုံးစွဲတဲ့ အခါ ဖြစ်ပေါ်တဲ့ စွဲလမ်းမှုမျိုးနဲ့ ဆင်တူပါတယ်။ စိတ်ပညာရှင်တစ်ယောက်ကတော့ အပြာရုပ်ရှင်ကားများကို ရေရှည်ကြည့်ရှုတဲ့ လူတစ်ယောက်ဟာ အဖွဲ့လိုက် လိင်ကိစ္စလုပ်ဆောင်ခြင်းကို ကြိုက်နှစ်သက်လာနိုင်ပြီး ညှင်းပန်းနှိပ်စက်ခြင်းဖြင့် ကာမသာယာမှုကို ကြိုက်နှစ်သက်နိုင်တဲ့ လူတစ်ယောက် (sadism) ဖြစ်လာနိုင်တဲ့အပြင် တိရစ္ဆာန်များနဲ့ လိင်စိတ်သာယာတတ်မှုတွေကိုပါ ခံစားချင်လာသူတစ်ယောက် ဖြစ်လာနိုင်တယ် လို့ဆိုပါတယ်။

အရင်ခေတ်ကာလတွေတုန်းကတော့ သင့်အနေနဲ့ အပြာရုပ်ရှင်၊ ဇာတ်လမ်းတွေကို ဖတ်ရှုလိုတယ်ဆိုရင် အိမ်အပြင်ထွက်ပြီး ငှားရမ်းကြည့်ရှုရတဲ့အတွက်ကြောင့် လူသားတွေရဲ့ အပြာရုပ်ရှင် ကြည့်ရှုတဲ့ အကျင့်ကို ကန့်သတ်ချက်တစ်ခုရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာ အပြာရုပ်ရှင်ကားကြည့်ရှုနိုင်တဲ့ Website တွေက သန်း ၅၀၀ နဲ့ အထက်ရှိနေပါတယ်။ ဒီတော့ အပြာရုပ်ရှင်ကြည့်ရှုရတာ စွဲလန်းနေတဲ့ လူတစ်ယောက်အနေနဲ့ Click တစ်ချက်နှိပ်လိုက်တာနဲ့ ကြည့်ရှုနိုင်တဲ့အတွက် ဖြတ်တောက်ဖို့ ပိုခဲယဉ်းပါတယ်။

အပြာရုပ်ရှင်ကား အလွန်အကျွံကြည့်ရှုတတ်တဲ့ လူတစ်ယောက်မှာ ပြဿနာတွေ အများကြီးရှိပါတယ်။ မြန်မာနိုင်ငံမှာ သိပ်ခေတ်မစားပေမဲ့ နိုင်ငံခြားမှာဆိုရင် အပြာရုပ်ရှင်တွေကို Credit card နဲ့ ကြည့်ရှုရတဲ့ အတွက် ပိုက်ဆံကုန်ခြင်း၊ အိပ်ရေးပျက်ခြင်း၊ တာဝန်ပျက်ကွက်ခြင်းနဲ့ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကိုပါ လျစ်လျူရှုထားခြင်းတွေ အထိဖြစ်စေနိုင်ပါတယ်။

အတင်းအကျပ်ဖြစ်နေတာလား၊ မူးယစ်ဆေးဝါးကို စွဲနေသလို စွဲလမ်းတာလား။
(Compulsion or Addiction)

အပြာရုပ်ရှင်ကားများကို စွဲလမ်းခြင်းနဲ့ ပတ်သတ်ပြီး ဆွဲဆောင်နိုင်လွန်းခြင်းနဲ့ မူးယစ်ဆေးစွဲသလို စွဲလမ်းခြင်းဆိုတဲ့ အသုံးအနှုန်း ၂ ခုထဲက တစ်ခု သုံးနှုန်းရမယ်ဆိုရင် ဆွဲဆောင်နိုင်လွန်ခြင်းက ပိုပြီးသင့်တော်ပါတယ်။ ဒီ အသုံးအနှုန်း ၂ ခုကြား ကွာခြားချက်က သိပ်မကြီးမားပေမဲ့ အပြာရုပ်ရှင်ကားနဲ့ ပတ်သတ်ရင်တော့ ခွဲခွဲခြားခြား သိဖို့က အရေးကြီဒပါတယ်။

အမေရိကန် အင်ဒီယာနာ ပြည်နယ် ဘလိုမင်တန်မြို့ရှိ (Bloomington) Kinsey Institute for Research in Sex, Gender, and Reproduction မှ လေ့လာသူ တစ်ယောက်ဖြစ်တဲ့ အဲရစ် ဂျန်ဆင် (Erick Janssen) ကတော့ အပြာရုပ်ရှင်ကားစွဲလမ်းနေသူတွေဟာ မူးယစ်ဆေးဝါးစွဲလမ်းနေသူတွေ လို ပြုမူတတ်ကြပေမဲ့ မူးယစ်ဆေးဝါးစွဲနေသူတွေကို ကုသသလိုတော့ ကုသလို့ မရဘူးလို့ဆိုပါတယ်။

အပြာရုပ်ရှင်ကားတွေ ကြည့်ရတဲ့ အကြောင်းအရင်း။

အဓိက အားဖြင့် လူသားတွေ အပြာ ရုပ်ရှင်ကားတွေ ကြည့်ရတဲ့ အကြောင်းရင်း ၃ ခုရှိပါတယ်။ အဲ့ဒါတွေကတော့ သူတို့ရဲ့

  •     လက်တွေ့ဘဝမှာ အတုယူဖို့အတွက်ရယ်၊
  •     ကိုယ်နဲ့ လက်မထပ်ရသေးဘဲ မမှောက်မှားမိအောင် ရှောင်ရှားဖို့အတွက် စိတ်ဖြေတဲ့ အနေနဲ့ရယ်၊
  •     အာသာဖြေဖို့အတွက်ရယ် ကြည့်ရှုကြတာ ဖြစ်ပါတယ်။

တစ်ခါတစ်ရံမှာ လူတွေက အပြာရုပ်ရှင်ကားတွေထဲမှာ လုပ်နေတဲ့ အရာတွေကို လက်တွေ့ဘဝမှာလည်း လုပ်ချင်ကြပါတယ်။ ဒါ့အပြင် အပြာကားများဟာ အိမ်ထောင်ရေးထဲက ကွက်လပ်တစ်ချို့ကိုလည်း ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဥပမာ လူတစ်ယောက်ရဲ့ အိမ်ထောင်ဖက်က ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို လုံးဝမကြိုက်ဘူးဆိုရင် ကျန်တဲ့သူက အပြာရုပ်ရှင်ကားများထဲက ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းကိုသွားကြည့်လေ့ရှိပါတယ်။ ဒီလိုကိစ္စမျိုးမှာတော့ အပြာရုပ်ရှင်ကားတွေက သာယာတဲ့ အိမ်ထောင်ရေးတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ်ပါဝင်နေနိုင်ပေမဲ့ ကိစ္စတော်တော်များများမှာတော့ အပြာရုပ်ရှင်ကားများက လိင်ဆက်ဆံချင်စိတ်ကို နည်းပါးစေနိုင်ပါတယ်။

တစ်ခါတစ်ရံမှာ သူတို့ လိင်ဆက်ဆံချိန်မှာ လုပ်ဆောင်ချင်တဲ့ ပုံစံကို ဖွင့်မပြောရဲတဲ့ လူတွေလည်းရှိပါတယ်။ ဒီလို သူတို့ လုပ်ဆောင်ချင်တဲ့ ပုံစံကို သူတို့ အဖော်နဲ့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်မယ်ဆိုရင် သူတို့အနေနဲ့ ပိုပြီးသာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ကြမှာပါ။

ဒါပေမဲ့ တစ်ခါတစ်ရံမှာ ထုတ်ပြောလို့ မရတဲ့ အခြေအနေတွေလည်းရှိနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ အိမ်ထောင်ဖက်ဖြစ်သူ လက်ခံနိုင်တဲ့ နောက်ဆုံး အတိုင်းအတာကိုရောက်ပြီဆိုရင် ထုတ်ပြောလည်း လက်ခံမှာ မဟုတ်ဘူးလို့ စဉ်းစားတဲ့ အတွက် ကျန်အိမ်ထောင်ဖက်က သူတို့လိုချင်တဲ့ ပုံစံတွေကို အပြာရုပ်ရှင်ကားတွေကြည့်ပြီး စိတ်ဖြေတတ်ကြပါတယ်။

နောက်ဆုံးအတွေ့ရများတဲ့ အပြာရုပ်ရှင်ကား ကြည့်ခြင်းဖြစ်စဉ်ကတော့ တစ်ကိုယ်ရည် အာသာဖြေတဲ့အခါမှာ ကြည့်ရှုတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ လူအများစုဟာ အပြာရုပ်ရှင်ကားများကို တစ်ကိုယ်ရည် အာသာမဖြေခင်နဲ့ အာသာဖြေနေစဉ်မှာ ကြည့်ရှုတတ်ကြပါတယ်။

အပြာရုပ်ရှင်ကားများဟာစွဲလန်းတတ်စေရဲ့လားဆိုတာနဲ့ ပတ်သတ်ပြီး ယခုအချိန်ထိ ဆေးပညာအသိုင်းအဝိုင်းမှာပါ တစ်စုတစ်စည်းထဲ အတည်မပြုရသေးပါဘူး။

Ultimate Guide to Adult Videos စာအုပ်ရေးသူနဲ့ လိင်ပညာပေးနေသူ ဗိုင်အိုလက် ဘလူး (Violet Blue) ကတော့ “ကျွန်မကတော့ အပြာရုပ်ရှင်ကားများကို စွဲလန်းခြင်းဆိုတာ လူ့ပတ်ဝန်းကျင်ကနေ ကန့်ကွက်ထားတဲ့ အမူအကျင့်အနေနဲ့ နာမ်နှိမ်ထားတဲ့ နာမည်တစ်ခုသာ ဖြစ်တယ် လို့ထင်ပါတယ်။ လူအများစုဟာ တစ်ကိုယ်ရည် အာသာဖြေခြင်းကို ရှက်တတ်ကြပါတယ်။ ” လို့ဆိုပါတယ်။

ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက် အပြာရုပ်ရှင်တွေကြည့်ပြီး လိင်စိတ် ပိုထကြွတတ်တယ်လို့ ယူဆထားကြပေမဲ့ အမျိုးသမီး အများစုလည်း အပြာရုပ်ရှင်ကားကြည့်ပြီး လိင်စိတ်ဖြေဖျောက်တတ်တယ် လို့သူမက ဆိုပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly