ဟွမ်ဘင်းနှင့်အတူ ဒရာမာဇာတ်လမ်းတွဲတစ်ခု၌ အတူတွဲသရုပ်ဆောင်မည်ဟု ပါ့ခ်ရှင်ဟေးအတည်ပြု

ဟွမ်ဘင်းနှင့်အတူ ဒရာမာဇာတ်လမ်းတွဲတစ်ခု၌ အတူတွဲသရုပ်ဆောင်မည်ဟု ပါ့ခ်ရှင်ဟေးအတည်ပြု

တောင်ကိုရီးယား၏ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်သော ပါ့ခ်ရှင်ဟေးနှင့် နာမည်ကြီးမင်းသား ဟွမ်ဘင်းတို့ အား မကြာမီတွင် ဒရာမာဇာတ်လမ်းတွဲတစ်ခု၌ အတူတကွမြင်တွေ့ရတော့မည်ဖြစ်သည်။

ကနဦးက ပါ့ခ်ရှင်ဟေးသည် Memories of the Alhambra ဆိုသော ဒရာမာဇာတ်လမ်းတွဲ၌ ဟွမ်ဘင်းနှင့်အတူ ပါ၀င်သရုပ်ဆောင်ဖို့ ဆွေးနွေးနေခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် သဘောတူညီမှုရရှိကာ အတည်ပြုနိုင်ခဲ့ခြင်းဖြစ် သည်။

ဧပြီလ ၂၃ ရက်နေ့တွင် ပါ့ခ်ရှင်ဟေး၏အေဂျင်စီနှင့် tvN ရုပ်သံလိုင်းတို့က သူမသည် ထိုဒရာမာဇာတ်လမ်းတွဲ၌ ပါ၀င်သရုပ်ဆောင်မည်ဖြစ်ကြောင်း အတူတကွ အတည်ပြုပေးခဲ့ကြသည်။

“Memories of the Alhambra” သည် ဟွမ်ဘင်းအတွက် သုံးနှစ်ကျော်ကြာပြီးနောက် ပထမဦးဆုံး ပြန်လည် သရုပ်ဆောင်မည့် ဒရာမာဇာတ်လမ်းတွဲဖြစ်ပြီး ထိုဇာတ်လမ်းထဲတွင် သူသည် စပိန်နိုင်ငံသို့ စီးပွားရေးကိစ္စနှင့် ရောက်ရှိလာပြီး ဂရန်နာဒါမြို့မှ တည်းခိုခန်းအဟောင်းလေးသို့ လာရောက်တည်းခိုသည့် ယူးဂျင်ဝူးအမည်ရှိ စီအီးအိုတစ်ဦးအဖြစ် သရုပ်ဆောင်မည်ဖြစ်သည်။ ပါ့ခ်ရှင်ဟေးသည် ထိုတည်းခိုခန်းလေး၏ပိုင်ရှင်ဖြစ်သော ဂျန်ဟီးဂျူးအဖြစ် သရုပ်ဆောင်သွားမည်ဖြစ်သည်။

ယင်းဇာတ်လမ်းတွဲကို W နှင့် Queen In Hyun’s Man တို့ကဲ့သို့သော နာမည်ကြီးဒရာမာဇာတ်လမ်းတွဲများကို ဖန်တီးခဲ့သည့် ဆောင်းဂျေးဂျန်က ရေးသားထားပြီး ဒါရိုက်တာ အန်းဂီလ်ဟိုက ရိုက်ကူးမည်ဖြစ်ကာ ရိုက်ကူးရေး များကို လာမည့်မေလတွင် စပိန်နိုင်ငံ၌စတင်သွားမည်ဖြစ်ပြီး ယခုနှစ်အတွင်း ထုတ်လွှင့်ပြသသွားဖို့ စီစဉ်ထား ကြောင်း သိရသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required