သားအဖချင်း စကားများရာမှ ဖခင်က သားဖြစ်သူအား ဓားဖြင့်ခုတ်၍ မိမိကိုယ်ကို ကြိုးဆွဲချသေဆုံး

သားအဖချင်း စကားများရာမှ ဖခင်က သားဖြစ်သူအား ဓားဖြင့်ခုတ်၍ မိမိကိုယ်ကို ကြိုးဆွဲချသေဆုံး

ရန်ကုန်၊ ဧပြီ ၂၃ ။                  ။ တွံတေးမြို့နယ်၊ ရေဝက်ချောင်းကျေးရွာတွင် ဖခင်ဖြစ်သူမှ အရက်မူးလာပြီး သားဖြစ်သူနှင့် စကားများရာမှ သားဖြစ်သူအား ဓားဖြင့်ခုတ်ပြီးနောက် ဖခင်က မိမိကိုယ်ကိုကြိုးဆွဲချသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၂ ရက်နေ့၊ ည ၉ နာရီအချိန်တွင် တွံတေးမြို့နယ်၊ ရေဝက်ချောင်းကျေးရွာနေ မ-----သည် မိသားစုနှင့်အတူ နေအိမ်၌ တီဗီကြည့်နေစဉ် ခင်ပွန်းဖြစ်သူ ၀င်းနိုင်၊ (၃၇)နှစ်မှာ အရက်မူး၍ ရောက်ရှိလာပြီး တီဗီလိုင်းချိန်းလိုက်သည့်ကိစ္စဖြင့် သားဖြစ်သူ မောင်-----နှင့် စကားများခဲ့ကြရာမှ ဖခင်ဖြစ်သူမှာ နေအိမ်အောက်သို့ဆင်း၍ မြက်ခုတ်ဓားအားယူဆောင်ပြီး အိမ်ပေါ်သို့တက်ကာ သားဖြစ်သူအား ဓားဖြင့်ခုတ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် သားဖြစ်သူမှာ ဦးခေါင်းဝဲဘက်၌ ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း၊ မ-----မှာ ကြောက်လန့်၍နေအိမ်မှ ဆင်းပြေးကာ အိမ်နီးနားချင်းနေအိမ်သို့သွားရောက်ခဲ့ကြောင်း၊ ယင်းနောက် နာရီဝက်ခန့်အကြာတွင် အိမ်နီးနားချင်း များနှင့်အတူ နေအိမ်သို့ပေါ်သို့ပြန်လာစဉ် ခင်ပွန်းဖြစ်သူမှာ ပုခက်ကြိုးဖြင့် ကြိုးဆွဲချလျက်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

လက်ရှိတွင် ဒဏ်ရာရရှိသူ မောင်------အား တွံတေးဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့လွှဲပြောင်းကာ ဆေးကုသမှုခံယူလျက်ရှိပြီး မှုခင်းဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly