ပါရာဂွေး သမ္မတရွေးကောက်ပွဲ အာဏာရပါတီ ကိုယ်စားလှယ်လောင်း အနိုင်ရ

ပါရာဂွေး သမ္မတရွေးကောက်ပွဲ အာဏာရပါတီ ကိုယ်စားလှယ်လောင်း အနိုင်ရ

ဧပြီ ၂၃ ။             ။ ဧပြီလ ၂၂ ရက်က ကျင်းပခဲ့တဲ့ ပါရာဂွေး သမ္မတရွေးကောက်ပွဲမှာတော့ လက်ရှိ အာဏာရပါတီ Colorado ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်း ဖြစ်တဲ့ မာရီယို အက်ဘ်ဒို ဘန်နီတက်ဇ် အနိုင်ရသွားခဲ့ပြီး လက်တင်အမေရိကရဲ့ အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံရဲ့ သမ္မတသစ်အဖြစ် ရွေးချယ်ခံလိုက်ရတယ်လို့ သိရပါတယ်။

သမ္မတသစ်အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ အက်ဘ်ဒို ဘန်နီတက်ဇ် ကတော့ အဆိုပါ ရွေးကောက်ပွဲမှာ မဲရလဒ် ၄၆ ရာခိုင်နှုန်းကျော် ရရှိပြီး ကျဉ်းမြောင်းတဲ့ ရလဒ်တစ်ခုနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

၎င်းရဲ့ ပြိုင်ဘက် သမ္မတကိုယ်စားလှယ်လောင်း အက်ဖရိန် အလီဂရီကတော့ ယင်းရွေးကောက်ပွဲမှာ မဲရလဒ် ၄၃ ရာခိုင်နှုန်းနီးပါး ရရှိခဲ့ပါတယ်။

ကွန်ဆာတေးဗစ်တစ်ဦးဖြစ်တဲ့ အက်ဘ်ဒို ဘန်နီတက်ဇ်ကတော့ ယခုလို ရွေးကောက်ပွဲ အနိုင်ရမှုကြောင့် မကြာမီ နှုတ်ထွက်ရတော့မယ့် သမ္မတ ဟာရားစီးရိုး ကာတဲစ်ရဲ့ နေရာမှာ အစားဝင်ရတော့မှာဖြစ်ပါတယ်။

သမ္မတသစ် ဖြစ်လာခဲ့တဲ့ ဘန်နီတက်ဇ်ကတော့ ၎င်းအနေနဲ့ နိုင်ငံအတွက် အကောင်းဆုံးပေးဆပ်သွားမယ့်အပြင် ၎င်းအပေါ် မဲမပေးခဲ့ကြသူတွေရဲ့ ယုံကြည်မှုကိုပါ ရရှိအောင် ကြိုးစားသွားမယ်လို့ ကတိပြုသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly