လူသေဆုံးမှုများပြားခဲ့သော ဆန္ဒပြပွဲများပြီးနောက် ပင်စင်ဥပေဒပြောင်းလဲမှုအား နီကာရာဂွာအစိုးရပယ်ဖျက်

လူသေဆုံးမှုများပြားခဲ့သော ဆန္ဒပြပွဲများပြီးနောက် ပင်စင်ဥပေဒပြောင်းလဲမှုအား နီကာရာဂွာအစိုးရပယ်ဖျက်

 

မန်နာဂွာ၊ နီကာရာဂွာ၊ ဧပြီ ၂၃ ။                                 ။ နီကာရာဂွာသမ္မတ ဒန်နီရယ်လ်အော်တီဂါသည် လူပေါင်း ၂၄ဦးခန့်သေဆုံးခဲ့ရသည့် ပြင်းထန်ကြမ်းတမ်းသော ၄ ရက်တာ ဆန္ဒပြပွဲများပြီးနောက်တွင် အငြင်းပွားဖွယ်ရာ ပင်စင်ပြုပြင်ပြောင်းလဲမှုကို ပယ်ဖျက်ပေးဖို့ တနင်္ဂနွေ နေ့က သဘောတူခဲ့သည်။

သူ၏ သမ္မတသက်တမ်း ၁၁နှစ်တာ ကာလအတွင်း၌ အဆိုးရွားဆုံးဖြစ်စဉ်ဖြစ်သော ဆန္ဒပြသူများနှင့် လုံခြံုရေးတပ်ဖွဲ့များကြား အချင်းဖြစ်ပွားမှုများကြောင့် အော်တီဂါက သူသည် စီးပွားရေးခေါင်းဆောင်များနှင့် ဆွေးနွေးပြောဆိုနေစဉ်တွင် ပင်စင်ပြောင်းလဲမှုကို ပြန်လည်ရုပ်သိမ်းပေးမည်ဟု ပြောဆိုခဲ့သည်။  

နီကာရာဂွာလူမှုလုံခြံုရေးအဖွဲ့အစည်း (INSS) သည် ယခုဖြစ်စဉ်များအားလုံးကို စတင်ပေါ်ပေါက်စေခဲ့သော ဧပြီလ ၁၆ ရက်နေ့ကတင်ပြခဲ့သည့် ဥပဒေမူကြမ်းကို ပြန်လည်ရုပ်သိမ်းပေးဖို့ ဆုံးဖြတ်လိုက်ပြီဟု အော်တီဂါက ပြောဆိုခဲ့သလို ရာဇဝတ်သားများကဲ့သို့ ပြုမူခဲ့ကြသော ဆန္ဒပြသူများကိုလည်း ဝေဖန်ရှု့ံချခဲ့သည်။

ပင်စင်ဥပဒေပြုပြင်ပြောင်းလဲမည့်အစီအစဉ်အရ ပင်စင်လစာ ၅ ရာခိုင်နှုန်းခန့် လျော့ကျသွားနိုင်သည့်အတွက် ပြည်သူများက ယခုလိုမျိုး ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ယင်းဆန္ဒပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက အဓိကဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သောဗုဒ္ဓဟူးနေ့ ကတည်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အော်တီဂါကလည်း စစ်တပ်များကို လမ်းမများပေါ်၌တပ်ဖြန့်ချထားကာ ဆန္ဒပြပွဲများကိုကာကွယ်ခဲ့သလို အစိုးရ ကို ထောက်ခံသောဆန္ဒပြသူများကလည်း ဆန္ဒပြပွဲစတင်သူများကို တန်ပြန်သပိတ်မှောက်ခဲ့ကြသည်။

လူသေဆုံးမှုများရှိခဲ့သော ယင်းဆန္ဒပြပွဲများနှင့်ပက်သက်၍ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗာတီကန်တို့က အထူးပင်စိုးရိမ်မိကြောင်းနှင့် တည်တည်ငြိမ်ငြိမ်ဖြစ်ကြဖို့ မေတ္တာရပ်ခံခဲ့ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required