ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးကြီး ကွယ်လွန်

ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးကြီး ကွယ်လွန်

 

ဧပြီ ၂၃ ။                          ။ ကမ္ဘာ့အသက်အကြီးဆုံး လူသားလို့ ယူဆရတဲ့ ဂျပန်နိုင်ငံက အသက် ၁၁၇ နှစ်အရွယ် အမျိုးသမီးကြီးကတော့ ယခုအခါ ကွယ်လွန်သွားခဲ့ပြီ ဖြစ်တယ်လို့   ပြည်တွင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၉၀၀ ပြည့်နှစ် သြဂုတ် ၄ ရက်မှာ မွေးဖွားခဲ့သူဖြစ်တဲ့ နာဘီ တာဂျီးမား အမည်ရ ဂျပန်အဘွားအိုဟာဆိုရင် ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်မှာပဲ ကာဂိုရှီးမား ပြည်နယ်က သူမရဲ့ မွေးရပ်မြေ ကီကိုင်း ကျွန်းက ဆေးရုံတစ်ခုမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၅ ခုနှစ် စက်တင်ဘာလမှာပဲ ဂျပန်နိုင်ငံရဲ့ အသက်အကြီးဆုံးသော အမျိုးသမီးကြီး ဖြစ်လာခဲ့တဲ့ နာဘီ တာဂျီးမားဟာ ဆိုရင်  လက်ရှိ ကမ္ဘာ့အသက်အကြီးဆုံး လူသားလည်း ဖြစ်နိုင်တယ်ဆိုပြီး ဂျပန်မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ ဘာလို့လဲ ဆိုတော့ မူလက ကမ္ဘာ့အသက်အကြီးဆုံး လူသားလို့ သတ်မှတ်ခံထားရတဲ့ ဂျမေကာနိုင်ငံက အဘွားအို Violet Brown ဟာ ၂၀၁၇ စက်တင်ဘာလကပဲ အသက် ၁၁၇ နှစ်နဲ့ ကွယ်လွန်ထားခဲ့ပြီးဖြစ်လို့ ဖြစ်ပါတယ်။

Brown သေဆုံးပြီးနောက် ဂင်းနစ် ကမ္ဘာ့မှတ်တမ်းအဖွဲ့ တာဝန်ရှိသူတွေကလည်း အသက် ၁၁၇ နှစ်အရွယ် အဘွား နာဘီ တာဂျီးမားဟာ ကမ္ဘာ့အသက်အကြီးဆုံး လူသား အမှန်တကယ်ဖြစ်မလားဆိုပြီး စစ်ဆေးအတည်ပြုဖို့ လုပ်ဆောင်နေရဆဲအချိန်မှာပဲ ယခုလိုမျိုး အဘွား တာဂျီးမား ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့အသက်အရှည်ဆုံး အမျိုးသားကတော့ ဂျပန်နိုင်ငံက အသက် ၁၁၂ နှစ်အရွယ် မာဆာဇို နိုနာကာ ဖြစ်တယ်လို့ ယင်းအဖွဲ့က ဧပြီ ၁၀ ရက်မှာ ကြေညာထားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly