ဒုတိယအကြိမ် NLD ပါတီညီလာခံကို ဇွန်လအတွင်း ကျင်းပသွားမည်

ဒုတိယအကြိမ် NLD ပါတီညီလာခံကို ဇွန်လအတွင်း ကျင်းပသွားမည်

ရန်ကုန် ၊ ဧပြီ ၂၂ ။         ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ နိုင်ငံလုံးဆိုင်ရာ ဗဟိုညီလာခံကို လာမည့် ဇွန်လအတွင်း ကျင်းပသွားမည် ဖြစ်ပြီး ညီလာခံကိုယ်စားလှယ်များကိုရွေးချယ်ရန် ဆုံးဖြတ်ထားသည်ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဆိုသည်။

"မကြာခင်ပြုလုပ်သွားမယ့် ဒုတိယအကြိမ်ပါတီညီလာခံအတွက် ကိုယ်စားလှယ်ရွေးချယ်ခြင်းကို ဆွေးနွေးခဲ့ပါတယ်။ ပါတီက အလုပ်အမှုဆောင်အဆင့်မှာ လစ်လပ်နေတဲ့ အလုပ်အမှုဆောင်အဖွဲ့တွေကို ပြန်လည်ဖြည့်တင်းပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ အင်အားအပြည့်ရှိနေတဲ့အတွက် အလုပ်အမှုဆောင်အဖွဲ့ရွေးချယ်ခြင်းကိုတော့ လုပ်ဆောင်သွားမှာမဟုတ်ပါဘူး" ဟု ဒေါက်တာမျိုးညွန့်ကဆိုသည်။

ယနေ့ ဧပြီလ ၂၂ ရက်နေ့တွင် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံး၌ ပြုလုပ်သည့် ဗဟိုအလုပ်အမှု ဆောင် အစည်းအဝေးတွင် ယင်းဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ယင်းအပြင် အစည်းအဝေး၌ ပါတီ၏ အလုပ်သမားရေးရာ ကော်မတီတွင် အင်အားထပ်မံတိုးရန် နှင့် လွှတ်တော်ကိုယ်စားလှယ်သုံးဦးအား ပါတီစည်းကမ်းချိုးဖောက်မှုဖြင့် အရေးယူရန် ဆုံးဖြတ်နိုင်ခဲ့သည်ဟု သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာညီလာခံကို ၂၀၁၃ ခုနှစ် မတ်လအတွင်းက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့သည်။

NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်များ အများစုပါ၀င်ပြီး ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင်များတွင် ဦးဉာဏ်ဝင်း၊ ဦးဟန်သာမြင့်တို့ ပါ၀င်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags