နာဂစ်ဒဏ်ကြောင့် ပျက်စီးခဲ့သော နှစ် ၁ဝဝ ကျော် သက်တမ်းရှိ ရွှေညောင်ပင်ဘိုးဘိုးကြီးကျောင်းတော်ရာ ပြန်ဖွင့်လှစ်

နာဂစ်ဒဏ်ကြောင့် ပျက်စီးခဲ့သော နှစ် ၁ဝဝ ကျော် သက်တမ်းရှိ ရွှေညောင်ပင်ဘိုးဘိုးကြီးကျောင်းတော်ရာ ပြန်ဖွင့်လှစ်

ရန်ကုန်၊ ဧပြီလ ၂၂ ။           ။ နာဂစ်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် နှစ်ပေါင်း ၁ဝဝ ကျော်သက်တမ်းရှိ ရွှေညောင်ပင်ဘိုးဘိုကြီး ကျောင်းတော်ရာအား ယနေ့ ဧပြီလ ၂၂ ရက်၊ နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ကျောင်းတော်ကြီးမှာ ရန်ကုန်၊ သုံးခွမြို့နယ်၊ သိုက်တူးကန်စံပြကျေးရွာတွင် တည်ရှိခြင်းဖြစ်ပြီး မတည်အလှူရှင် ဦးမောင်လှ ဇနီးမောင်နှံမိသားစုက ကမကထပြုလုပ်ကာ စုပေါင်းအလှူရှင်များဖြင့်   ပြန်လည်ပြုပြင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" သုံးလောက ထွဋ်ထား မြတ်စွာဘုရားရှင် ကိန်းဝပ်စံပယ်တဲ့ ဗောဓိစေတီနှစ်ပါးကို ကိန်းဝပ်စံပယ်စေမှာဖြစ်ပြီးတော့ အိန္ဒိယနိုင်ငံမှ ပရောဟိတ်ဘုန်းတော်ကြီးများ၊ မြန်မာနိုင်ငံမှ သံဃာတော်အရှင်သူမြတ်ကြီးများမှ မြတ်စွာဘုရားရှင်ရဲ့ အဘိသင်္ခ မင်္ဂလာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးတဲ့နောက်မှာ အိန္ဒိယနိုင်ငံမှ ဘုန်းတော်ကြီးများမှ အခုလို အဘိသင်္ခမင်္ဂလာကို ဟိန္ဒူရိုးရာ ထုံးတမ်းအစဉ်အလာနဲ့ ကျင်းပပြုလုပ်ပေးတာဖြစ်ပါတယ်"ဟု ဟိန္ဒူဘာသာရေးအကျိုးတော်ဆောင်၊ နယ်လှည့် ဓမ္မကထိက ဦးစန်းမင်းနိုင်က ပြောသည်။

အဆိုပါ ကျောင်းတော်ရာဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးမြင့်ဌေး၊ ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုးအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

" ကျွန်မ ဆိပ်ကြီးခနောင်တိုမြို့နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ တက်ရောက်ခဲ့တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ ဘာကြောင့် တက်ရောက်တာလဲဆိုတော့ ဘာသာမတူသည်ဖြစ်စေ၊ လူမျိုးမတူသည်ဖြစ်စေ ကျွန်မတို့ လွှတ်တော်ကိုယ်စား လှယ်ဆိုတာက ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုမရှိဘူး။ အားလုံးပေါ်မှာ တာဝန်ရှိတယ်ဆိုတဲ့ ခံယူချက်နဲ့ ကျွန်မတို့ ဒီအခမ်း အနားကို တက်ရောက်လာကြတာဖြစ်တယ်" ဟု ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောသည်။

ယင်း ကျောင်းတော်ဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းက ကျောင်းမုဒ်ဦးအား စက် ခလုတ်နှိပ်ပြီး ဖွင့်လှစ်ပေးခဲ့ပြီး ရွှေညောင်ပင်ဘိုးဘိုးကြီးကျောင်းတော်ရာ ပြန်လည်ဖွင့်လှစ်သည့် အခမ်းအနားသို့ ဟိန္ဒူဘာသာဝင် ၂ဝဝဝ ကျော်အထိ လာရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly